ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် တော်လှန်ရေးကဏ္ဍအသီးသီးတွင် အမှန်တကယ်ပါဝင်နေသူများသည် တိုင်းပြည်အတွက်သော်လည်းကောင်း မိမိ၏ပတ်ဝန်းကျင်မှ မိမိနှင့် စပ်ဆိုင်သောလူမျိုးများ၊ လူများအတွက်ကိုသော်လည်းကောင်း အထွေအထူးပေးဆပ်နေသူများ၊ ပေးဆပ်ထားသူများမဟုတ်၊ မတရားမှုကိုတော်လှန်ရန်တာဝန်ရှိသည်၊ လူလူချင်းအပြန်အလှန် လေးစား အသိအမှတ်ပြုမှုရှိသော လူ့အဖွဲ့အစည်းသည် အရေးကြီးသည်၊ လူတိုင်းသည်လွတ်လပ်စွာ ဖြစ်တည် ခွင့်ရှိရမည်နှင့် လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ ဘာသာစကား စာပေတိုင်းသည် တန်ဖိုးထားရမည့် အရာများဖြစ်သည်၊ အမျိုးသမီးများနှင့် အမျိုးမျိုးသောလူနည်းစု များကို ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ဖယ်ကျဉ်ခြင်း၊ အနိုင်ကျင့်ခြင်း စသည် တို့သည် ရှက်ဖွယ်ဖြစ်ပြီး တန်းတူညီမျှမှုကို အလေးထား ရမည်ဟု အကဲဆတ်သိနားလည်ကာ တာဝန်နှင့်အသိအပေါ်တွင် ပါဝင်နေကြသူများဖြစ်သည်ဆိုသော အချက်များ အပေါ်တွင် အခြေခံပြီး ရေးသားသုံးသပ်ပါသည်။

အမြစ်ဖြတ်တော်လှန်တိုက်ဖျက်ရမည့်အတွေးအခေါ်အယူအဆများ၊ အဆောက်အအုံများ၊ ဦးဆောင်မှုများနှင့် တော်လှန်သောအစုအဖွဲ့များ၏ ခြားနားမှု

အခြေခံမူနှင့်ရပ်တည်ချက်များအားဖြင့်ခြားနားခြင်း (conflicting principles and values)

တော်လှန်ရေးကိုဦးဆောင်နေသူများ၊ ဥိးဆောင်နေသည်ဆိုသောအဖွဲ့အစည်းများသည် မိမိတို့တော်လှန် ဆန့်ကျင်နေသည့် အပြုအမူလုပ်ရပ်များ၊ အတွေးအခေါ်အယူအဆများကို သတိထားရှောင်ကြဉ်ရန် အထူးအရေးကြီးသည်ဟုမြင်ပါသည်။ မိမိတို့နှင့်အကျွမ်းတဝင်ရှိလှသော တစ်ခုတည်းသော ဆိုးရွား နိမ့်ကျသောလူနေမှုစနစ်၊ နိုင်ငံရေးစနစ်ကို တိုက်ဖျက်ရာတွင် အဆိုပါစနစ်ဆိုးမှ ရုန်းထွက်နိုင်ရန်လည်း အစိုက်တစိုက်ဂရုပြုကြိုးစားရန်လိုအပ်ပါသည်။  မိမိတို့မှဆန့်ကျင်တော်လှန်နေသောအစုအဖွဲ့၏ စရိုက်၊ အတွေးအခေါ်၊ အပြုအမူ စသည်တို့ကို ချွင်းချက်ဖြင့် (သို့မဟုတ်) အကြောင်း ပြလက်ခံကျင့် သုံးခြင်းသည် အရေခြုံတော်လှန်ရေးဖြစ်သည်။ စနစ်ဆိုးကိုအောင်မြင်စွာ တော်လှန်ချေမှုန်းနိုင်ရန်နှင့် ကောင်းမွန်သောစနစ်ကိုတည်ဆောက်နိုင်ရန်မှာ နည်းပညာ၊ မဟာဗျူဟာ စသည်တို့ အပြင် တော်လှန် သူများ၏ အခြေခံမူများ၊ စံတန်ဖိုးများနှင့် ၎င်းတို့ကို ကြိုးစားအလေးထားခြင်းကလည်း ညီမျှစွာ အရေး ပါလှပါသည်။

ဗြိတိသျှလက်အောက်မှ လွတ်မြောက်ပြီးနောက်ပိုင်း ၁၉၆၂ နေဝင်းအာဏာသိမ်းပြီးချိန်မှစ၍ မြန်မာ့ တပ်မတော်၏ အထူးသဖြင့် ဗမာနှင့်ဗုဒ္ဓဘာသာဝင်မဟုတ်သောလူမျိုးများအပေါ် နည်းဗျူဟာမျိုးစုံ သုံး ပြီး စနစ်တကျဖြိုခွင်းတိုက်ခိုက်ခဲ့မှုများကို ပြန်ကြည့်လျှင် လူမျိုးအသီးသီးအတွင်း အမျိုးသမီးများကို ပစ်မှတ်ထားပြီး လိင်အကြမ်းဖက်မှုကို စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်ကို ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာက သုတေသနပြု၊ မှတ်တမ်းတင်ခဲ့ကြပြီးဖြစ်သည်။ အဆုံးတွင် မြန်မာစစ်တပ်သည် မုဒိမ်းတပ်ဖြစ်သည်၊ မြန်မာစစ်သင်တန်းကျောင်းများသည် မုဒိန်းကောင်များကို စနစ်တကျမွေးထုတ် ပေးသော ကျောင်းဖြစ်သည်၊ မြန်မာစစ်တပ်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်ဖိနှိပ်ခွဲခြား ဆက်ဆံခြင်းကို စနစ်တကျမူဝါဒ ချမှလုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟုပင် ကောက်ချက်ချနိုင်ခဲ့သည်။

အချုပ်ဆိုရလျှင် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီးများကိုအဓိကပစ်မှတ်ထားပြီး လိင်အခြေပြုအကြမ်းဖက်မှုကို ကျူးလွန်ခြင်း၊ အမျိုးသမီးများနိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး ကိုယ်စားပြုမှု၊ ပါဝင်မှုတို့ကို စနစ်တကျ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ချိုးဖောက်ခြင်း၊ ကျူးလွန်ခြင်း စသည်တို့သည် မြန်မာစစ်တပ် (မြန်မာ့တပ်မတော်) ၏ ကြန်အင်စရိုက်လက္ခဏာတစ်ခုဖြစ်သည်။  ထိုတပ်မတော်သည် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးကိုလည်း အခြားသောနည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ် အနိုင်ကျင့်သော တပ်မတော်ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်စနစ်ကိုတော်လှန်ရာတွင် တပ်မတော်ကိုအဓိက ထားတော်လှန်ရခြင်းဖြစ်သည်။ သို့သော် ထိုဆိုးသွမ်းယုတ်မာသောစစ်တပ်ကို တော်လှန်သူတို့သည် ထိုသူတို့၏စရိုက်လက္ခဏာများနှင့်မတူသော သဏ္ဍာန်၊ အပြုအမူနှင့် အတွေးအခေါ် များရှိရန်လိုပါသည်။ မူမရှိ၊ စံတန်ဖိုးအလေးထားမှုမရှိသော နိမ့်ကျသည့်မြန်မာစစ်တပ်၏ စရိုက် လက္ခဏာများကို တော်လှန်သည့်အစုအဖွဲ့လူပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များတွင် တွေ့မြင်နေရခြင်းသည် ယျေဘုယျအားဖြင့် တော်လှန်ရေး၏အန္တရာယ်ကြီးသောအားနည်းချက်ကိုမြင်နေရခြင်းဖြစ်သည်။ သာ၍ ဆိုးသည်မှာ ထိုအားနည်းချက်သည် လူ့အဖွဲအစည်းတစ်ခုလုံးအတွင်းရှိ အထူးသဖြင့် အမျိုးသမီးများ အပေါ်သက်ရောက်မှုရှိသောအားနည်းချက်လည်းဖြစ်သည်။

ပြည့်ဝကောင်းမွန်သောအရည်အသွေးများအားဖြင့် ခြားနားခြင်း (differences in  leadership quality)

တန်းတူရည်တူအသိအမှတ်ပြုရန်ပျက်ကွက်ခဲ့ခြင်း၊ ငြင်းဆန်ခဲ့ခြင်း၊ နိုင်ထက်စီးနင်းဆက်ဆံခဲ့ခြင်း၊ အပြန်အလှန်လေးစားမှုမရှိခြင်းနှင့် လူပေါ်လူဇော်လုပ်တတ်သော နိုင်ငံရေးစရိုက်ဆိုးများကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မွေးဖွားခဲ့ရသည်။  မတရားဆက်ဆံခံရသူများဘက်မှ တရားမျှတ မှုအတွက်တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ မညီမျှမှုကို မနှစ်သက်၍ တန်းတူမှုအတွက် တိုက်ပွဲဆင် နွှဲကြသည်။ အဆိုပါ နိုင်ငံရေးလိုလားချက်များသည် လူမျိုးဖြစ်ခြင်းကြောင့်ထက် လူဖြစ်ခြင်းကြောင့် လူ့သဘာဝလွတ်လပ်လိုခြင်း၊ တန်းတူဖြစ်လိုခြင်း၊ ခွဲခြားဆက်ဆံမှုနှင့်ဖိနှိပ်မှုကိုမခံလိုခြင်း စသည့် အခြေခံကျကျလူ့အရည်အသွေးများဖြစ်သည်။

သို့သော် တော်လှန်နေသောကာလနှင့် တော်လှန်ရေးထဲတွင် မိမိတို့မနှစ်သက်သော၊ မိမိတို့လက်သင့် မခံနိုင်သော အမူအကျင့်များဖြင့်၊ လူမဆန်မှုဟု မိမိတို့သတ်မှတ်သော စရိုက်ဆိုးများဖြင့် တော်လှန်နေသူ ဘက်တော်သားများအပေါ် ခွဲခြားဆက်ဆံဖြင်၊ ဖယ်ကျဉ်ခြင်းများပြုလုပ်နေခြင်းသည် အထူးသဖြင့် ဦးဆောင်မှုပိုင်းဆိုင်ရာ၏ ခြားနားကောင်းမွန်သောအရည်အသွေးများမဟုတ်ပါ။ ဆင်ခြေဆင်လက် အမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကျဉ်ခြင်းများသည် အရည်အသွေးညံ့ဖျင်းခြင်းကိုသာ ဖေါ်ပြသည် မဟုတ်ပဲ နိုင်ငံရေးစိတ်ဆန္ဒမှန်မရှိကြောင်းကိုလည်း ပေါ်လွင်စေသည်။ ထို့အပြင် ယနေ့နိုင်ငံရေး နားလည်သုံးသပ်နိုင်မှုအတိုင်းအတာနှင့်​ရေချိန်ကိုလည်းဖေါ်ညွှန်းနေခြင်းဖြစ်သည်။

ဖိနှိပ်ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်အုပ်ချုပ်ခြင်းကို လက်မခံတော်လှန်သင့်သကဲ့သို့ ဆင်ခြေ ဆင်လက်မျိုးစုံဖြင့် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ဖယ်ကျဉ်ခြင်းအားဖြင့် ဒီမိုကရေစီကို ဆန့်ကျင်သည့်လုပ်ရပ်များကိုလည်း လက်မခံတော်လှန်ရမည်သာဖြစ်သည်။ အမှန်စင်စစ် စနစ်ပြောင်း တော်လှန်ရေးကိုဦးဆောင်သူများသည် အစုအဖွဲ့အားဖြင့်သော်လည်း၊ တစ်ဦးတစ်ယောက်စီအားဖြင့် သော်လည်းကောင်း ဖိနှိပ်သူ၊ ခွဲခြားဆက်ဆံသူများဖြစ်မလာစေရန် ပို၍ကြီးလေးသော တာဝန်ရှိသူများ ဖြစ်သည်။ စနစ်ဟောင်း၊ အမူအကျင့်ဟောင်းနှင့် စရိုက်ဆိုးများမှ ပို၍ကြီးသောသတိဖြင့် ဦးဆောင်ရုန်း ထွက်သူများဖြစ်ရန်လိုအပ်သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော် လူမျိုးရေးခွဲခြားမှုနှင့် ဖိနှိပ်မူစနစ်ဆိုးကိ ဆန့်ကျင်သောတော်လှန်ရေး နှင့် ၂၀၂၁ ခုနှစ် စစ်တပ်မှအာဏာသိမ်းယူမှုကြောင့် ပေါ်ပေါက်လာခဲ့သော နွေဦးတော်လှန်ရေး၏ဆုံရပ်သည် အလွှာစုံဖိနှိပ်မှုများ၏ဆုံရပ်လည်းဖြစ်သည်။

လက်တလောပြဿနာနှင့်ဆက်လက်ကျော်လွှားရမည့်စိမ်ခေါ်မှု

 လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ (အဲန်ယူဂျီ) ၏ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု

တစ်နိုင်ငံလုံးလူဦးရေ၏ ၅၁ ရာခိုင်နှုံးကျော်၏ နိုင်ငံရေးကိုယ်စားပြုမှုလိုအပ်ခြင်းနှင့် အရေးပါပုံမှုကို နားမလည်ခြင်း သို့မဟုတ် အလေးအနက်မထားခြင်းသည် ကောင်းမွန်သော ဦးဆောင်မှုမဟုတ်သကဲ့သို့ အောင်မြင်မှုသို့ပို့ဆောင်ပေးနိုင်မည့်ဦးဆောင်မှုမျိုးလည်းမဟုတ်ပါ။

အမျိုးသားညီညွတ်ရေးအစိုရခေါ် အဲန်ယူဂျီ မှ တော်လှန်ရေးနိုင်ငံရေး၏ အရေးကြီးသော ဆွေးနွေး ပွဲများ၊ အစည်းအဝေးများနှင့် ဆုံးဖြတ်ချက်ချခြင်းများတွင် အမျိုးသမီးပါဝင်မှုနှင့် နိုင်ငံရေး ကိုယ်စား ပြုမှု လုံးဝဥဿုံပျက်ကွက်နေခြင်းအပေါ် တာဝန်ခံရန်လိုအပ်သည်။ သို့သော် အဆိုပါအစုအဖွဲ့သည် အမျိုးသမီးပါဝင်မှုနှင့် နိုင်ငံရေးကိုယ်စားပြုမှုကို အကြောက်အကန်ငြင်းဆန်နေသော အစုအဖွဲ့လည်း ဖြစ်သည်ကို စိတ်ပျက်ရွံရှာဖွယ်တွေ့မြင်နေရသည်။ ၎င်းတို့၏ငြင်းဆန်မှုသည် နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးစံချိန်စံနှုန်းများကိုချိုးဖောက်ရာရောက်ရုံသာမက ဖက်ဒရယ်ဒီမိုကရေစီကို အောင်မြင်စွာ တည်ဆောက်နိုင်မည့်အလားအလာကိုပါ ထိရောက်စွာခြိမ်းခြောက်နေခြင်းသည် အလွန်လက်သင့်မခံ နိုင်ဖွယ်တစ်ခုလည်းဖြစ်သည်။

နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်မှု၊ အမျိုးသမီးနိုင်ငံရေးကိုယ်စားပြုမှုနှင့် ပဋိပက္ခများဖြေရှင်းညှိနှိုုင်း ခြင်း၊ နိုင်ငံရေးပြဿနာဖြေရှင်းခြင်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းစဉ်များ၏ အဆင့် တိုင်းတွင် အမျိုးသမီးများပါဝင်မှုသည် နိုင်ငံတကာဥပဒေပြဌာန်းချက်ဖြစ်သကဲ့သို့ သုတေသနတွေ့ရှိ ချက်များအရ အမျိုးသမီးပါဝင်မှုနှင့်၎င်းတို့၏နိုင်ငံရေးကိုယ်စားပြုမှုသည် ဒီမိုကရေစီဖေါ်ဆောင်မှု အတွက်လိုအပ်ချက်တစ်ခုလည်းဖြစ်သည်။ အမှန်တကယ်အနှစ်သာရရှိသော အပြောင်းအလဲဖြစ်စေ ရေးနှင့် နိုင်ငံသားတစ်ဦးစီ၏ တန်းတူဖြစ်ရေးသည် နိုင်ငံအရေးကိုဦးဆောင်နေသူများက ရှေ့ရှုစဉ်းစား ရမည့်အချက်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေတွင် တော်လှန်ရေးကို ဦးဆောင်နေသော အစုအဖွဲ့ များနှင့်လူပုဂ္ဂိုလ်များကိုယ်တိုင် ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကျဉ်ဖိနှိပ်ခြင်းနှင့် တန်းတူမှုကို အလေးမထား ခြင်းများကို ကျင့်သုံးနေကြသည်။ အမျီုးသမီးပါဝင်မှုနှင့် နိုင်ငံရေးကိုယ်စား ပြုမှုကို အလေးထားဖေါ် ဆောင်ခြင်းမပြုသည့်အပြင် အမျိုးသမီးများသည် တော်လှန်ရေးနိုင်ငံရေး ထဲတွင် အဓိကအကျိုး သက်ဆိုင်သူ (key stakeholders) များမဟုတ်ဟု ခွဲခြားပြောဆိုကာ အမျိုးသမီး ပါဝင်မှုနှင့် ကိုယ်စား ပြုမှုကိုအရေးမပါသော ဆွေးနွေးချက်အဖြစ် ပြောဆိုနေကြသည်မှာ လက်ရှိ အမျိုးသားညီညွတ်ရေး အစိုး၏ အမြင့်ဆုံးအဆင့်ဦးဆောင်သူများမှစ၍ ၎င်းတို့၏သက်ဆိုင်ရာ နည်းပညာအထောက် အကူပြုများအဆုံး ဖြစ်သည်။  ဒီမိုကရေစီအတွက်တိုက်ပွဲဝင်သူများ၏ ဒီမိုကရေစီ အခြေခံမူနှင့် စံ တန်ဖိုးများအပေါ် ရပ်တည်မှုသည် ယုံကြည်၍မရ၊ ယုံကြည်ရန်မသင့်တော်သော အခြေအနေဖြစ်သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်ဂျဲန်ဒါတန်းတူရေးအလေးထားမှု

အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ၎င်းတို့၏ဦးဆောင်သူအများစုသည် ဒီမို ကရေစီအခြေခံမူများ၊ စံတန်ဖိုးများနှင့် မစိမ်းသူများဖြစ်ကြသည်။ ယျေဘုယျအားဖြင့် စနစ်တကျ ဖိနှိပ် မှု၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် ၎င်းတို့ကိုယ်တိုင် တော်လှန်တိုက်ပွဲဝင် နေသူများဖြစ်သည့် အလျောက် သဘောတရားအားဖြင့် ၎င်းတို့ကပို၍နားလည်လက်ခံထားကြသည်ဟု ယူဆရသည်။ ထို့အပြင် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကျော်တော်လှန်ရေးကာလများအတွင်း အမျိုးသမီး လှုပ်ရှားမှုများ ပိုမိုအားကောင်းလာချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအတွင်း အမျိုးသမီးများ အခန်းကဏ္ဍ သည်လည်း အနည်းနှင့်အများ ဖြစ်ပေါ်ပြောင်းလဲမှုများရှိလာခဲ့သည်။ လူမျိုးအသီးသီး၏ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများအတွင်းတွင်လည်း အမျိုးသမီးရေးလှုပ်ရှားမှုများနှင့်အတူ အမျိုးသမီး များအပေါ် အလေးထားမှုသည်လည်း ပိုမိုကောင်းမွန်သည့်ဘက်သို့ အမှန်ပင်ရွေ့လျားလာခဲ့သည်။

သို့သော် ဂျဲန်ဒါရေးကိုနားလည်မှုအားကောင်းသည်ဟု ယူဆရသော်လည်း အမှန်တကယ်အလေး ထားမှုမှာ အလွန်အားနည်းနေသေးသည်ကိုလည်း စိတ်ပျက်ဖွယ်ထပ်ခါတလဲလဲမြင်တွေ့နေရသည်။

လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော အဓိကကျသည့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအချို့နှင့် လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရခေါ် အဲန်ယူဂျီတို့ကြားဆွေးနွေးညှိနှိုုင်းမှုများမှတစ်ဆင့် ရရှိခဲ့သော ဘုံသဘောထားရပ်တည်ချက်ပါအချက်အများစုသည် (၇၅) နှစ်တာ တော်လှန်ရေးကာလအတွင်း အဆိုပါ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအချင်းချင်းကြားတွင်သော်လည်းကောင်း၊ ၎င်းတို့နှင့် အခြားဗမာ အများစု တော်လှန်ရေးအဖွဲ့အမျိုးမျိုးများနှင့်သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် အကြိမ် ကြိမ်အခါခါ သဘောတူခဲ့ဖူးကြသော အချက်များဖြစ်သည်။

အချက်အလက်အသစ်များမဟုတ်သော်လည်း ပိုမိုပွင့်လင်းလာသော လူ့အဖွဲ့အစည်း၊ ခေတ်နှင့် နိုင်ငံရေး ရေစီးကြောင်းများထဲတွင် ပြောင်းလဲလာသောအယူအဆနှင့် အခြေအနေသစ်များလည်းရှိလာသည်။ ထိုအသစ်များထဲတွင် အမျိုးသမီးများ၏နိုင်ငံရေး တွင်ပါဝင်မှုနှင့်နိုင်ငံရေး ကိုယ်စားပြုမှုဆိုင်ရာသည် တစ်ခုဖြစ်သည်။ ၁၉၉၀ ခုနှစ်အနှောင်းပိုင်းမှစ၍ ပိုမို အားကောင်းလာသော တိုင်းရင်းသားတော်လှန်ရေး လူ့အဖွဲစည်းတွင်း အမျိုးသမီးလှုပ်ရှားမှုသည်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအချို့အတွင်း အမျိုးသမီး အခန်းကဏ္ဍကို တစ်မျိုးတစ်ဖုံပြောင်းလဲစေခဲ့သည်။ ထို့အတူ အမျိုးသမီးများအခန်းကဏ္ဍနှင့် ပတ်သက်၍ အချို့အဖွဲ့အစည်းများတွင်မူ သမားရိုးကျယောက်ျားဗဟိုပြုဝါဒအားကောင်းနေဆဲဖြစ်ပြီး နိုင်ငံရေးတွင်အမျိုးသမီးပါဝင်မှုနှင့် အမျိုးသမီးနိုင်ငံရေး ကိုယ်စားပြုမှုတို့ကို “အနောက်တိုင်းအတွေး အခေါ်အယူအဆများ“ သာ ဖြစ်သည်ဟု ယူဆနေဆဲ ဖြစ်သည်။

ခြုံငုံသုံးသပ်ရသော် ဗမာမဟုတ်သောတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည်ပင်လျှင် ဖိနှိပ်ဖယ် ကျဉ်မှု၊ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်အဓမ္မအနိုင်ကျင့်ခံရမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ ခံစားခဲ့ရ သူများဖြစ်သော်လည်း၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုအတွက် တော်လှန်နေသည်ဆိုကြသော်လည်း၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည်ကြွေးကြော်နေကြသော်လည်း အမှန် စင်စစ် ခွဲခြားဆက်ဆံမှုနှင့်ဖယ်ကျဉ်မှုတို့၏မတရားမှုနှင့်တန်းတူမဖြစ်မှုတို့ကို ယျထာဘူတကျကျ ဆင်ခြင်သုံးသပ်နိုင်ခြင်းမရှိကြ။ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုနှင့်တန်းတူညီမျှမှုကိုဖေါ်ဆောင်ရန် အခြေခံအကြောင်းရင်းသည် တစ်ဦးတစ်စု၏ဖြစ်တည်မှုကို မိမိဖြစ်တည်မှုနှင့်နှိုုင်းယှဉ်ပြီး မနာလိုစိတ် ကြောင့်မဟုတ်ပဲ အမှန်တကယ်လူသားများ၏ဘဝတိုးတက်မှု၊ လူ့အဖွဲ့အစည်းသာယာဝပြောမှုအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်ကိုလည်း လေးလေးနက်နက် နားလည်ခံထားခြင်းမရှိ။ ထို့အပြင် သက်ဆိုင် ရာလူ့အဖွဲ့အစည်းအတွင်း လူတစ်ဦးချင်းစီ၏အပြန်အလှန်တန်ဖိုးထားလေးစားတတ်မှုနှင့် တန်းတူဖြစ် မှုကို (ငြင်းဆိုခြင်းမဟုတ်သော်လည်း) အလေးမထားသည့်အခါ ငြင်းဆိုသည့် အစုအဖွဲ့များနှင့် ဖယ်ကျဉ် ခွဲခြားဆက်ဆံခံရသူများအတွက် ရပ်တည်ပြောဆိုရသည့်အခါ အလေးမထားခြင်းကပင် ကြီးမားသော ပြဿနာဖြစ်လာသည်။ ဤသည်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များနှင့် လက်ရှိအမျိုးသား ညီညွတ်ရေးအစိုးရခေါ် အဲန်ယူဂျီတို့၏ ပြဿနာဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့ များ၏ ဘုံသဘောထားရပ်တည်ချက်အားထုတ်ပြန်ပြန်ကြေညာခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်ကို ခေါင်စည်းနှင့်အတူ ထုတ်ပြန်ချက်ပါအချက်များအား သေချာစွာဖတ်ကြည့်လျှင် နိုင်ငံရေးစိတ်ဆန္ဒတို့နှင့် လုပ်ဆောင်မှုပိုင်းဆီလျော်မှုရှိမရှိ၊ စကားလုံးအသုံးအနှုံးများနှင့် ဆိုလိုရင်းများ ရှင်းလင်းမှုရှိမရှိ၊ ဆီလျော်မှုနှင့်ရှင်းလင်းမှုရှိခြင်းမရှိခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားထားခြင်း ဟုတ်မဟုတ် ဆန်းစစ်၍ရနိုင်သည်။

ဖက်ဒရယ်အခြေခံမူနှင့်ဒီမိုကရေစီအခြေခံမူအားလုံးတွင် တန်းတူရေးပါရှိသည်။ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံ မှုနှင့်ဖယ်ကျဉ်မှုကိုတော်လှန်ခြင်းများတွင် တန်းတူရေးသည် အဓိကကျသည်။ တန်းတူရေးဟုဆိုရာတွင် ဥပဒေရှေ့မှောက်တန်းတူဖြစ်ခြင်းနှင့် ဥပဒေ၏အကာအကွယ်နှင့် အကျိုးသက်ရောက်မှုကို တန်းတူခံစား ပိုင်ခွင့်ရှိခြင်းကိုဆိုလိုသည်။ တန်းတူမှုကို အခြေခံကျကျနားလည်ခြင်း၊ အမှန်စင်စစ်အလေးထားခြင်း မရှိပါပဲ တော်လှန်ရေးကို ဦးဆောင်နေကြခြင်းသည် လက်ရှိတော်လှန်ရေး၏ အန္တရာယ်ကြီးမားသော အားနည်းချက်တစ်ခုဖြစ်သည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ ဖက်ဒရယ်စနစ်၏အနစ်သာရ (တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စုံလင် ကွဲပြားမှုများကြားမှစည်းလုံးညီညွတ်မှုနှင့်လူနည်းစုများအခွင့်အရေးကိုကာကွယ်ခြင်း)၊ နိုင်ငံ/၊ ပြည်နယ် သားများအခွင့်အရေး စသည်တို့ကို ချွင်းချက်ဖြင့်လက်ခံခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် ဖယ်ကျဉ်ဖိနှိပ် ခြင်းကို အကြောင်းပြချက်အမျိုးမျိုးဖြင့်ကျင့်သုံးပြီး အမျိုးသမီးများ၊ လူနည်းစုများကို ချန်လှပ်ထားခြင်း စသည်တို့သည် လက်ရှိတော်လှန်ရေးကို ဦးဆောင်နေသူများ၏ ရှက်ဖွယ်၊ စိတ်ပျက်ဖွယ်ကောင်းသည့် အန္တရာယ်ကြီးမားသောအားနည်းချက်ဖြစ်သည်။

ထို့ကြောင့် အမှန်တကယ်တော်လှန်ရေးအောင်ပွဲခံနိုင်ရေး၊ ပြည်သူလူထုလိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးနှင့် ငြိမ်းချမ်းသာယာဝပြောသော လူ့အဖွဲ့အစည်းတည်ဆောက် နိုင်ရေးကို ရှေ့ရှုလျက် မိမိတို့ အဖန်ဖန်သဘောတူထားကြသော အခြေခံမူများနှင့်အနှစ်သာရများအား ဂုဏ်သိက္ခာရှိရှိ စွဲကိုင်ဖေါ်ဆောင်ကြရန် ဘုံသဘောထားတူညီကြသော တော်လှန်ရေးကို ဦးဆောင် နေသည့်အစုအဖွဲ့အားလုံးအား အလေးအနက်တိုက်တွန်းလိုက်ရပါသည်။

မေဦးမူတြော်
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်
ကရင့်တော်လှန်ရေး ၇၅ နှစ်ပြည့်.                            Author bio:  မေဦးမူတြော်
နိုင်ငံတကာဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဥပဒေနှင့် ပြည်ထောင်စုစနစ်ကို အထူးပြုလေ့လာသူ၊ မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်လေ့လာသင်ယူနေသူ၊
လက်ရှိ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏အကြံပေးနှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ နည်းပညာအကြံပေး

Banner: Thaungyin River, Karen State, Burma. Credit: May Oo Mutraw

Posted by May Oo Mutraw