Please note: FORSEA promotes diverse ideas and viewpoints. However, the opinions below do not necessarily reflect FORSEA Board as a whole.
Simoun Magsalin သည် လူမှုဂေဟ၊ စနစ်များကို ဖြိုချဖျက်ဆီးခြင်း၊ ဆိုရှယ်လစ်သဘောတရား၊ မင်းမဲ့ဝါဒီနှင့် ကွန်မြူနစ်ဝါဒီဆိုင်ရာများကို စာဖတ်သူဖြစ်သည်။ သူသည် ပိုကောင်းသော ကမ္ဘာတစ်ခုကို အိမ်မက်မက်သူဖြစ်ပြီး စနစ်များ ဖြိုချဖျက်ဆီးခြင်းကို လက်ကိုင်သော ဖိလစ်ပိုင်နိူင်ငံ အခြေစိုက်အစုအဖွဲ့တစ်ခု ဖြစ်တဲ့ ABOLISYON ကို တည်ထောင်သူများအနက် တစ်ဦးဖြစ်သည့်အပြင် မော်ကွန်းပြုစုသူနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက်မှူးတစ်ဦး ဖြစ်သည်။
ဘာသာပြန် စကားချီး
၁။ မြန်မာစာဖတ်နှုန်းနှင့် သင့်တော်စေရန် စာပိုဒ်ခွဲရာနေရာများကို မူရင်းစာမှ ပြုပြင်ပြောင်းလဲထားသည်။
၂။ ဤဆောင်းပါးတွင် အရေးကြီးသော ဝေါဟာရများကို အောက်တွင် ဖော်ပြထားရှိသည်။ အချို့သော ဝေါဟာရများသည် မြန်မာဘာသာစကားတွင် အသစ်ဖြစ်ကောင်းဖြစ်နေသောကြောင့် ဘာသာပြန်အနေနှင့် စာလုံးအသစ်များကို သင့်တော်သလို တီထွင်ဘာသာပြန်ထားသည်။ အမှားအယွင်းများ ပါရှိလျှင် စာဖတ်သူကို ကြိုတင်တောင်းပန်ပါသည်။
၁) Carcerality – ထိန်းချုပ်ချုပ်နှောင်မှု သဘောတရား
၂) Incarceration – ထိန်းချုပ်ချုပ်နှောင်ခြင်း
၃) Carceral logic – ထိန်းချုပ်ချုပ်နှောင်မှု အတွေးအခေါ်အယူအဆ
၄) Policing – ထိန်းကွပ်ခြင်း
၅) Abolition – စနစ်များကို ဖြိုချဖျက်ဆီးခြင်း
၆) Abolitionism – စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရား
ဤဆောင်းပါးသည် စနစ်များကို ဖြိုချဖျက်ဆီးချင်သော ကွန်မြူနစ်သမားများနှင့် ကွန်မြူနစ်ဝါဒီကို လက်ကိုင်ထားပြီး စနစ်များကို ဖြိုချဖျက်ဆီးချင်သူများအတွက် ဖြစ်သည်။
၁။ ထိန်းချုပ်ချုပ်နှောင်မှုများကိုအားပေးသော ကွန်မြူနစ်ဝါဒကို ဆန့်ကျင့်၍
မင်းမဲ့ဝါဒီသမားတွေနဲ့ စနစ်များကို ဖြိုချဖျက်ဆီးတဲ့သူတွေက “ACAB! (All Cops Are Bad) ရဲဆို ဘယ်ရဲမှ မကောင်းဘူး” လို့ ကြွေးကြော်ကြတယ်။ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ သနားစရာကောင်းတဲ့ ကွန်မြူနစ်တွေကတော့ “ACAB” ကို “ACCAB” (All Capitalist Cops Are Bad) အရင်းရှင်ရဲတွေကသာ မကောင်းတာပါဆိုပြီး ပြင်ပြောကြတယ်။ သူတို့က “ဆိုရှယ်လစ် ရဲတွေက မဆိုးပါဘူး ဘာလို့လဲဆိုတော့ သူတို့ကလည်း အောက်ခြေလုပ်သား (proletarian) တွေဖြစ်ပြီး အောက်ခြေလုပ်သားနိူင်ငံကို ကာကွယ်ပေးနေတာပဲ” လို့ ဆက်ပြောလေ့ရှိကြတယ်။
ဒီလို ဗလုံးဗထွေးပြောဆိုတာတွေဟာ ရဲတွေသည် အောက်ခြေလုပ်သားအနေနဲ့ ရှိနေနိူင်တယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆတွေက လာတာပဲ ဖြစ်တယ်။ တကယ်တမ်းက သမိုင်းကြောင်းအရ ထိန်းချုပ်ခြင်းနဲ့ ထောင်ချခြင်းဆိုတာတွေဟာ အောက်ခြေလုပ်သားတွေရဲ့ ခေါင်းပုံကိုဖြတ်ဖို့ သတ်မှတ်လိုက်တဲ့ အုပ်ချုပ်မှုပုံစံတွေသာ ဖြစ်တယ်။
“ဆိုရှယ်လစ်” ရဲတွေဟာလည်း မှုခင်းတွေ (သို့) “တော်လှန်ရေးကို ဆန့်ကျင့်မှု” တွေကို ခုခံတိုက်ဖျက်နေပါတယ်လို့ ဆိုတာဟာ ဘူဇွာရဲတွေအတွက် အသနားခံမျက်ရည်ထိုးတာ သက်သက်ပဲ။
ဘယ်သူကမှတော့ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ ဖီမီနင့်လို့ ကိုယ့်ကိုယ်ကို မခေါ်သလို ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ ကွန်မြူနစ်လို့ ကိုယ့်ကိုယ်ကို ခေါ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ ကွန်မြူနစ်တွေ ရှိနေတယ်။
ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ ကွန်မြူနစ်ဆိုတာ အရင် ဆိုဗီယက်ယူနီယံ (သို့) လက်ရှိ တရုတ်ပြည်သူ့ သမ္မတနိူင်ငံလက်အောက်က လူအစုလိုက်အပြုံလိုက် ထောင်ချတာ၊ နယ်နှင်တာတွေကို အားပေးထောက်ခံတဲ့သူတွေပဲ။ ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးတဲ့ ကွန်မြူနစ်တွေက ရဲဆိုတာကို ဆန့်ကျင့်ရုံသက်သက် ဆန့်ကျင့်ပြီး သူတို့ကိုယ်ပိုင် “လူထု”ရဲ့ ရဲတွေနဲ့ ထောင် ဆိုတာတွေ ရှိသင့်တယ်လို့ အဆိုတင်သွင်းချင်ကြတယ်။
ထိန်းချုပ်ချုပ်နှောင်မှုကိုအားပေးတဲ့ ကွန်မြူနစ်ဝါဒီဆိုတာက “ကွန်မြူနစ်ဝါဒ”ရဲ့ အံ့အားသင့်ဖွယ် ပုံရိပ်တစ်ခုနဲ့ ထောင်သဘောတရားနဲ့ကြားက ရှိနေတဲ့ ထိမ်းမြားမှုတစ်ခုပဲ။
“အံ့အားသင့်ဖွယ်” လို့ သုံးရတာက Guy Debord ရဲ့ အံ့အားသင့်ဖွယ်ကောင်းလှတဲ့ လူမှုဘောင် (The Society of the Spectacle) ထဲက စစ်မှန်မှုတွေကို အတုအယောင် ပုံရိပ်တွေနဲ့ အစားထိုးလိုက်တာမျိုးကို ဆိုလိုတာပဲ ဖြစ်တယ်။
“ထိန်းချုပ်ချုပ်နှောင်မှုသဘောတရား” ဆိုတာကတော့ ရဲ/စစ်တပ် စနစ်အသုံးချ ထိန်းချုပ်ခြင်းတွေနဲ့ ထောင်ချ ချုပ်နှောင်ခြင်းတွေရဲ့ စနစ်ယန္တရားတွေရဲ့ လည်ပတ်မှုကို ဆိုလိုတယ်။
အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ် ပုံရိပ်ဆိုတာကတော့ “ကွန်မြူနစ်” နိူင်ငံတွေရဲ့ ပုံရိပ်နဲ့ ပြင်ပုံဆင်ပုံတွေပဲ။ ဥပမာ – လူထုရဲ့ စစ်တပ်၊ အနီရောင်အလံတွေ လွှင့်ထူတာနဲ့ တင်းတင်းကျပ်ကျပ် စီမံထားတဲ့ စီးပွားရေးစနစ်တွေပေါ့။ ဒီလို အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ် ပုံရိပ်တွေဟာ ကွန်မြူနစ်ဝါဒီရဲ့ အနှစ်သာရ မဟုတ်ဘူး။ အဲ့ဒါဟာ အတုအယောင်ပုံရိပ်၊ အံ့သြဖွယ် ရေတံလျှပ်တွေသာ ဖြစ်တယ်။
တစ်ချိန်တည်းမှာလည်း အံ့အားသင့်ဖွယ်ပုံရိပ်တွေဟာ တကယ်တမ်း လက်တွေ့မှာ ကျင့်သုံးရမဲ့ ကွန်မြူနစ်ဝါဒီ (လက်ရှိအခြေအနေတွေကို ဖြိုချဖျက်ဆီးရမဲ့ လှုပ်ရှားမှု) ကို အတုအယောင်ပုံရိပ်နဲ့ ဖျောက်ဖျက်ဖို့ ကြိုးစားတယ်။
တစ်နည်းအားဖြင့် စဥ်းစားကြည့်ရင်တော့ ဒီ အံ့အားသင့်စရာ ပုံရိပ်ကလည်း ၁၉၁၇ ခုနှစ်က ရုရှားတော်လှန်ရေးက ထောင်သဘောတရားတွေနဲ့ ဆက်စပ်နေတယ်။ ၁၉၁၇ ရုရှားတော်လှန်ရေးမှာ ကွန်မြူနစ်တွေဟာ ထိန်းချုပ်ချုပ်နှောင်မှုဟာ အောက်ခြေလုပ်သားတွေအကျိုးအတွက် ပြန်လည်အသုံးပြုလို့ ရနိူင်မယ်လို့ ယူဆခဲ့ကြတယ် – ဘူဇွာတွေကိုသာ ဖြိုချပြီး အရင်းရှင်စနစ်ရဲ့ အခြားသော ပုံသဏ္ဋာန်တွေကို ဆက်ကျင့်သုံးခဲ့ကြတယ်။
ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိူင်ငံလိုမျိုး “ကွန်မြူနစ်” အမည်ခံ နိူင်ငံတွေ နဲ့ အခြားသော ဆိုရှယ်လစ်နိူင်ငံတွေရယ် သူတို့ကို လက်ခံတဲ့ အနောက်ပါတီတွေအတွက်တော့ ထောင်စနစ်ကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီဟာ ထွန်းကားနေတုန်းပဲ။
ရုရှားတော်လှန်ရေးကာလအတွင်း ဘောရှစ်ဗစ် (Bolshevik) အာဏာသိမ်းမှုနောက်ပိုင်းမှာ လီနင်ရဲ့ ပါတီက ချက်ကာ (Cheka) ဆိုတဲ့ လျှို့ဝှက်ရဲအဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခဲ့တယ်။ ချက်ကာရဲ့ ရုံးချုပ်ကို လူဘီယန်ကာ (Lubyanka) မှာ အခြေစိုက်ခဲ့ပြီး ဇာရီနား ကတ်သရင်း (Czarina Catherine) ရဲ့ အထူးလျှို့ဝှက်ရဲအခြေချနေရာမှာတောင် ရုံးစိုက်ခဲ့တယ်။
တော်လှန်ရေးအင်အားစုတွေက ဇာရဲ့ ထောင်တွေကိုဖောက်ပြီး အတင်းအဓမ္မ ခိုင်းစေထားတဲ့ အလုပ်သမားစခန်းတွေကို ဖွင့်ချတဲ့အချိန်မှာတောင် လီနင်ရဲ့ ပါတီဟာ ထောင်တွေနဲ့ အလုပ်သမားစခန်းတွေကို ပြုပြင်ပြောင်းလဲရေး လုပ်အားစခန်း (gulag) တွေအဖြစ် ပြောင်းလဲခဲ့တယ်။ ဒီက ရလာတဲ့ သွေးထွက်သံယို ပြဿနာတွေကို နောက်ပိုင်းမှာ စတာလင်က အမွေဆက်ခံခဲ့ရတယ်။ လီနင်၊ ထရော့စကီနဲ့ စတာလင်တို့လို ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကိုအားပေးတဲ့ ကွန်မြူနစ်တွေက ဇာရဲ့ ရဲနဲ့ ထောင်ကို တော်လှန်ကောင်း တော်လှန်ပေမဲ့ သူတို့တော်လှန်မှုတွေက သူတို့ရဲ့ ကိုယ်ပိုင် ဖိနှိပ်မှုစနစ်တွေအတွက်သာ ဖြစ်တယ်။ လီနင်နဲ့ ဘောရှစ်ဗစ်တွေ သတိမူဖို့ မေ့လျော့သွားတာက ကွန်မြူနစ်ဝါဒီဆိုတာ အောက်ခြေလုပ်သားတွေက သူတို့ရဲ့ လူတန်းစားကို ဖြိုချဖို့ လုပ်တဲ့ ရုန်းကန်မှုအရွေ့တစ်ခုသာ ဖြစ်တယ်ဆိုတာပဲ။
“ကွန်မြူနစ်” ရဲ၊ “ကွန်မြူနစ်” ထောင် ဆိုပြီး ပြန်ဖွဲ့စည်းခြင်းကြောင့် ဘောရှစ်ဗစ်တွေက အောက်ခြေလုပ်သားတစ်မျိုး ပြန်ထူထောင်တဲ့ အင်စတီကျူးရှင်းတစ်ခုကိုသာ ပြန်မွေးထုတ်လိုက်ကြတယ်။ ဘောရှစ်ဗစ် “ကွန်မြူနစ်ဝါဒီ” ဟာ အောက်ခြေလုပ်သားအခြေအနေတစ်ခုကို ဖြိုချရမဲ့အစား ကမ္ဘာနဲ့ ချီနှိုင်းယှဥ်လိုက်ကြရုံပဲ သဘောပေါက်တယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ်ပုံရိပ်ကို အောက်ခြေလုပ်သားနဲ့ ပြန်ထိမ်းမြားပေးလိုက်တယ်။
ACAB ဆိုတဲ့ ကြွေးကြော်မှုဟာ “ကွန်မြူနစ်” ရဲတွေကိုပါ ဆိုလိုတာ ဖြစ်တယ်။ စနစ်တွေကို ဖြိုချဖျက်ဆီးတယ်ဆိုတာ “ကွန်မြူနစ်” ရဲတွေနဲ့ ထောင်တွေအကုန်လုံးကို ဖြိုချတာကို ဆိုလိုတာ ဖြစ်တယ်။
“ဘယ်လို ရဲလဲ?” ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ စနစ်တွေကို ဖြိုချဖျက်ဆီးမှုကို လက်ကိုင်ထားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Critical Resistance (ချက်ကျလက်ကျ အာခံမှု) က အမေရိကန်လို့ နာမည်တပ်ထားတဲ့ နိူင်ငံထဲက ထိန်းချုပ်မှုတွေထဲမှာ ပါဝင်နေတဲ့ လက်ယာသမားတွေနဲ့ ဖက်ဆစ်စစ်တပ်တွေကို ညွှန်ပြတယ်။
ဖိလစ်ပိုင်မှာတော့ လက်ယာသမားတွေနဲ့ ဖက်ဆစ်စစ်တပ်တွေက ထိန်းချုပ်မှုတွေမှာ ပါဝင်နေတာပါပဲ။ ဒါပေမဲ့ နိူင်ငံ (State)နဲ့ ပတ်သက်ဆက်နွယ်နေပြီး ကွန်မြူနစ်ဝါဒီကို လက်ကိုင်ထားပေမဲ့ ထောင်စနစ်ကို ပြန်မွေးမြူနေတဲ့ အစုအဖွဲ့တွေလည်း ရှိနေသေးတယ်။ ဥပမာ – ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) နဲ့ သူတို့ရဲ့ လူသစ်များ တပ်စု (New Peoples Army NPA) တို့ပဲ ဖြစ်တယ်။
နက်တီ တဝိုင်းလ်ဒ် (Nettie Wild) ရဲ့ ၁၉၈၈ ခုနှစ်က ကွန်မြူနစ်လှုပ်ရှားမှုအကြောင်းရိုက်ခဲ့တဲ့ ဖိလစ်ပိုင် တော်လှန်ရေးထဲက သစ်ရွက်များ လှုပ်ခတ်မှု (A Rustling of Leaves: Inside the Philippine Revolution) မှတ်တမ်းတင်ရုပ်ရှင် ထဲမှာတော့ စစ်မျက်နှာပြင်တစ်နေရာက ရဲဘော်တစ်ယောက်က NPA ကနေ ထွက်လာတဲ့ လူငယ်တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။
“လင်းနို့လူသား” လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ အဲ့ဒီ့လူငယ်ဟာ လက်ယာစစ်တပ်ထဲက သူ့ဦးလေးရဲ့ အမိန့်ကြောင့် တမင်သက်သက် NPA ကနေ စစ်တပ်သူလျှိုလုပ်ဖို့ ထွက်လာတာ ဖြစ်တယ်။ လင်းနို့လူသားကို NPA က နောက်ဆုံးမှာ ပြန်ဖမ်းမိသွားတယ်။ လင်းနို့လူသားကို ဖမ်းမိခဲ့တဲ့ ရဲဘော်က လူထုတရားခွင်မှာ အများရဲ့ အသံကို နားထောင်ခဲ့ပေမဲ့ NPA ရုံးချုပ်ဟာ လူထုရဲ့ အမိန့်ကို မကျေနပ်ဘူးလို့ ကောက်ချက်ချခဲ့တယ်။
နောက်ဆုံးမှာတော့ NPA ရဲဘော်တွေသာ လင်းနို့လူသားရဲ့ တရားသူကြီး၊ အမှုစစ်နဲ့ ပြစ်ဒဏ်ချမှတ်သူတွေ ဖြစ်ခဲ့တယ်။ လင်းနို့လူသားဟာ အမိန့်ကြောင့် သူလျှိုလုပ်ခဲ့ရသလားဆိုတာ အရေးမကြီးခဲ့ဘူး။ ရဲဘော်တွေက လင်းနို့လူသားဟာ သေသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးအဖြေဟာ ဒါပဲ ဖြစ်ခဲ့တယ်။
၁၉၉၀ ပြည့်နှစ်တွေမှာတော့ CPP-NPA ဟာ သူတို့ရဲ့ ရဲဘော်တွေ အယောက် ၁၀၀ ကို ပြန်ဖမ်းဆီးခဲ့ပြီး သူလျှို သုတ်သင်မှုတွေဆိုပြီး ရဲဘော်တွေကို နှိပ်စက်ညှင်းပန်းတာ၊ သတ်ဖြတ်တာတွေ စနစ်ကျကျ လုပ်ခဲ့တယ်။
CPP-NPA ဟာ အစိုးရရဲ့ သူလျှိုဝင်ရောက်မှုတွေ တကယ်တမ်းတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ရဲဘော်တွေ ဒါကို သိတဲ့အချိန်ရောက်တော့ ရာနဲ့ချီပြီး သတ်ဖြတ်မှုတွေဟာ လုပ်ပြီးသွားပြီ ဖြစ်တယ်။ အဲ့ဒီရဲဘော်တွေကို အစုလိုက် အပြုံလိုက် မြေမြှပ်ထားတဲ့ သင်္ချိုင်းတွေ အခုချိန်ထိ ရှိသေးတယ်။ အဲ့ဒီ သတ်ဖြတ်မှုတွေကနေ လွတ်သွားတဲ့သူတွေကို CPP က အခုချိန်ထိ တော်လှန်ရေးသမား သစ္စာဖောက်တွေဆိုပြီး ခေါ်နေတုန်းပဲ။
သိပ်မကြာခင်မှာလည်း ၂၀၁၆ ခုနှစ်မှာ ဖက်ဆစ်သမား ရော်ဒရီကို ဒူတာတေ (Rodrigo Duterte) သမ္မတအဖြစ် ရွေးကောက်ခံရတော့လည်း CPP-NPA က ဒူတာတေရဲ့ မူးယစ်ဆေးဝါးစစ်ပွဲကို NPA နဲ့အတူ ထောက်ခံခဲ့တယ်။ ဒူတာတေရဲ့ ဖက်ဆစ်အစီအစဥ်တစ်ခုကိုထောက်ခံတဲ့ အပြင် သူတို့ကိုယ်ပိုင် ဆေးဝါးအတင်းအဓမ္မသိမ်းဆည်းမှုတွေကိုပါ လုပ်ခဲ့တယ်။
ဒီဥပမာ သုံးခုလုံးမှာ ရှင်းရှင်းလင်းလင်း တွေ့ရတာက နိူင်ငံအာဏာ (State power) ကို မယူဘဲနဲ့တောင် ကွန်မြူနစ်လှုပ်ရှားမှုတွေက ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကိုအားပေးတဲ့ အတွေးအခေါ်လုပ်ရပ်တွေကို သေကြေစေလောက်တဲ့အထိ ပြန်မွေးမြူနိူင်တယ်ဆိုတာပဲ။
ဖိလစ်ပိုင်က စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုတာ ဖိလစ်ပိုင်နိူင်ငံ ရဲတပ်စု၊ စစ်တပ်နဲ့ စစ်တပ်နဲ့ ပတ်သက်နှီးနွယ်နေတဲ့ အုပ်စုတွေနဲ့အတူ လူသစ်များ တပ်စု (New Peoples Army) ကိုပါ ဖြိုချမှ ရမယ်။
မင်းမဲ့ဝါဒီသမားတွေတောင်မှ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေကို ပြန်မွေးမြူဖို့ ဝန်မလေးတတ်ကြဘူး။
စပိန်နဲ့ ယူကရိန်း တော်လှန်ရေးတွေထဲက မင်းမဲ့ဝါဒီ တော်လှန်ရေးသမားတွေက အိုက်ဘေရီကာ မင်းမဲ့ ဖက်ဒရယ်အစုအဖွဲ့ (Federación Anarquista Ibérica) ဆိုတဲ့ တပ်ဖွဲ့တွေနဲ့ ဖက်ဆစ်တွေကို ထိန်းချုပ်ဖမ်းဆီးရေးစခန်းတွေနဲ့ ထိန်းချုပ်မှုကိုပြန်မွေးမြူကြတဲ့ သာဓကတွေလည်း ရှိတယ်။ သိပ်မကြာခင်က သမ္မတ အိမ်ဖြူ ပုန်ကန်မှုလိုမျိုး ရာဒီကယ် လှုပ်ရှားမှုတွေမှာတောင်မှ လူထုရဲလိုမျိုး အသွင်သဏ္ဋာန်ယူပြီး လူမည်းလူငယ်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သာဓကတွေကနေတဆင့် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေဟာ အသက်ရှင်နေဆဲဆိုတာ တွေ့ရတယ်။
မင်းမဲ့ ထိန်းချုပ်ဖမ်းဆီးရေးစခန်းတွေက စတာလင်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်အားစခန်း (gulag) တွေထက် ပိုကောင်းသလား ဒါမှမဟုတ် မင်းမဲ့ ရဲတွေက ပိုကောင်းသလားဆိုတဲ့ မေးခွန်းတွေက အရေးမကြီးဘူး – စနစ်တွေကို ဖြိုချဖျက်ဆီးတယ်ဆိုတာ မင်းမဲ့ရဲတွေရော၊ မင်းမဲ့ထောင်တွေကိုပါ ဖြိုချတာကို ဆိုလိုတာပဲ။
ကွန်မြူနစ်လို့ မှတ်ယူထားတဲ့ လှုပ်ရှားမှုတွေထဲက ထောင်စနစ်နဲ့ ထိန်းချုပ်မှုသဘောသဘာဝတွေရဲ့ အဓွန့်ရှည်တည်ရှိနေမှုတွေကို ဘယ်လို ရှင်းပြကြမလဲ?
ရာဒီကယ်တွေအတွက်တောင်မှ ရဲနဲ့ ထောင်တွေဟာ သဘာဝပါပဲ၊ ရှောင်လွှဲလို့ မရဘူးဆိုတဲ့ အယူအဆတွေ၊ ယုံကြည်ချက်တွေရှိနေတုန်းပဲ။
ဒီကိစ္စဟာ မာခ်ဖစ်ရှာ (Mark Fisher) ရဲ့ အရင်းရှစ်စနစ်ရဲ့ ပရမ္မတသဘော (Capitalist Realism) စာအုပ်ထဲက သဘောတရားနဲ့ အတူတူပဲ။ အရင်းရှစ်စနစ်ရဲ့ ပရမ္မတသဘောက “အရင်းရှင်စနစ်ရဲ့ အခြားတစ်ဘက်မှာ ဘာမှ မရှိဘူး” လို့ ဝါဒဖြန့်ပြီးတစ်ပြိုင်နက် တည်ရှိနေတဲ့ ဆိုရှယ်လစ်လို့ မှတ်ယူထားတဲ့ စနစ်တစ်ခုပျောက်ဆုံးခြင်းကို အရင်းရှင်စနစ်ရဲ့ ပရမ္မတသဘောလို့ အကြမ်းဖျင်းကောက်ယူလိုက်တယ်။
ထောင်စနစ်နဲ့ ထိန်းချုပ်မှုသဘောတရားတွေဟာ ဟိုးအရင်ကတည်းက သဘာဝပါဆိုပြီး တည်ရှိနေခဲ့ကြတယ်လို့ နှိုင်းယှဥ်ခဲ့ကြတယ်။ ထောင်တွေ၊ ရဲတွေနဲ့ ထိန်းချုပ်ဖိနှိပ်ခြင်းခံခဲ့ရတဲ့ အာဏာရှင်စနစ်ကို မျက်ဝါးထင်ထင်တွေ့ကြုံခဲ့တဲ့ ဘောရှစ်ဗစ်တွေကတောင် အဲ့ဒါတွေကို သဘာဝပါလို့ စဥ်းစားလက်ခံခဲ့ကြတယ်။
ဖစ်ရှာ အာဘော်ထုတ်ခဲ့သလိုပဲ –
လွတ်မြောက်ရေးနိူင်ငံရေးဆိုတာ “သဘာဝအစီအစဥ်”ကို အမြဲတမ်း ဖျက်ဆီးနေရမယ်။ တင်ပြလာတဲ့အရာတိုင်းမှာ ဘယ်အရာကတော့ မရှိမဖြစ်လိုအပ်နေတာလဲ၊ ဘယ်အရာကတော့ မတော်တဆဖြစ်နေတာလဲဆိုတာကို ဖော်ပြနိူင်ရမယ်။ အရင်က မဖြစ်နိူင်ဘူးဆိုတာကို ဖြစ်နိူင်ပါတယ်လို့ ထင်သာမြင်သာအောင် ပြနိူင်ရမယ်။ (အရင်းရှစ်စနစ်ရဲ့ ပရမ္မတသဘော)
အမှန်တကယ်က ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေဟာ မတော်တဆဖြစ်လာတာတွေပဲ – အဲ့ဒီသဘောတရားက ဘယ်တုန်းကမှ အမြဲတမ်းရှိနေခဲ့တာ၊ နေရာတိုင်းမှာ ယေဘုယျအနေနဲ့ ရှိနေခဲ့တာ မဟုတ်ဘူး။
ဖိလစ်ပိုင်မှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက ကိုလိုနီစနစ်နဲ့အတူ ရောက်လာခဲ့တယ်။ အမေရိကန်မှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက ကျွန်တွေကို ထိန်းကျောင်းရာကနေ စခဲ့တယ်။ ဥရောပမှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက အောက်ခြေလက်လုပ်လက်စားလူတန်းစားကို ထိန်းချုပ်ဖို့အတွက် အသုံးပြုရာက စခဲ့တယ်။
ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားဆိုတာ အောက်ခြေအလုပ်သမားပြုခံထားရတဲ့ လူတန်းစားကို လူမှုထိန်းကွပ်မှုတွေ ပြုလုပ်တာကို ဆိုလိုတာပဲ။ အရင်းရှင်စနစ်ဟာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေ မပါဘဲ ရပ်တည်လို့ မရတဲ့အတွက် “ထိန်းချုပ်ချုပ်နှောင်မှု အရင်းရှင်စနစ်” (သို့) “ထောင်စနစ်ကို အားပေးတဲ့ အရင်းရှင်စနစ်” လို့ နာမဝိသေသနတပ်နေစရာမလိုတော့ဘူး။
အရင်းရှင်စနစ်က လခစား လုပ်အားကို အားပေးအားမြှောက်ပြုဖို့အတွက် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေ လိုကိုလိုအပ်နေတယ်။
အလုပ်လုပ်ခြင်းကို အာခံခဲ့ကြတဲ့ လူမည်းအမျိုးသမီးတွေကို [အမေရိကန်] နိူင်ငံက ဗာဂရန်စီ (Vagrancy) ဥပဒေတွေနဲ့ အောက်ခြေလုပ်သားတွေကို [အလုပ်မလုပ်တာ၊ အရက်မူးနေတာ၊ သံသယဝင်စရာပုံပေါက်နေတာတွေကို ပြစ်မှုအနေနဲ့ သတ်မှတ်ပြီး] ထိန်းချုပ်တာတွေအကြောင်း စေဒီရာ ဟတ်တမန်း (Saidiya Hartman) ရေးထားတဲ့ “လူဖြူမဟုတ်တဲ့ မိန်းကလေးများ၏ ပုန်ကန်အုံကြွမှု အပြုအမူများနှင့် စီစဥ်ဖွဲ့စည်းထားသော မင်းမဲ့သဘောတရား” (“The Anarchy of Colored Girls Assembled in a Riotous Manner”) ကဗျာရဲ့ အဓိကအာဘော်ကလည်း ဒီအဆိုကို ထောက်ပြထားတယ်။
ဘောရှစ်ဗစ်တွေက အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ်ဝါဒီရဲ့ ပုံရိပ်ကို ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေရဲ့ “ပရမ္မတသဘော” အမှားကြီးနဲ့ ပေါင်းပြီး ကွန်မြူနစ်အဆင်အသွေးတွေနဲ့ ဘူဇွာလူ့ပတ်ဝန်းကျင်တစ်ခုကို ပြန်တည်ဆောက်ခဲ့ကြတယ်။
ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေမရှိတဲ့ လူ့ပတ်ဝန်းကျင်ဆိုတာ ဘောရှစ်ဗစ်တွေအတွက် အာဏာနဲ့ နိူင်ငံဆိုတာ မရှိတဲ့ ကမ္ဘာတစ်ခုကို ဘယ်လိုမှ ပုံဖော်ကြည့်လို့ မရသလိုပဲ ဘယ်လိုမှ စဥ်းစားပုံဖော်လို့ မရဖြစ်ခဲ့တယ်။
ထောင်တွေ နဲ့ ရဲဆိုတဲ့ စနစ်တွေကို မဖြိုချဘဲနဲ့တော့ ကွန်မြူနစ်တွေက အရင်းရှစ်စနစ်ရဲ့ အယူအဆနဲ့ အတွေးအခေါ်တွေကို ဘယ်တော့မှ ကျော်လွန်နိူင်မှာ မဟုတ်ဘူး။
၂။ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဆီသို့
၂၀၁၄ ခုနှစ်ထုတ် “ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးသော ဖီမီနင့်ဝါဒကို ဆန့်ကျင့်၍” (Against Carceral Feminism) ဆိုတဲ့ စာတမ်းမှာ ဗစ်တိုးရီးယား လော (Victoria Law) က ထောင်စနစ်ကို အားပေးတဲ့ ဖီမီနင့်ဝါဒဆိုတာကို “ရဲနဲ့ ထိန်းချုပ်မှုတွေကို တိုးမြှင့်တာရယ်၊ ပြစ်မှုချမှတ်တာရယ်နဲ့ ထောင်ချဖမ်းဆီးတာတွေဟာ အမျိုးသမီးတွေအပေါ်မှာ ပြုလုပ်တဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ အဓိကအဖြေအဖြစ် ချဥ်းကပ်ချက်” လို့ အဓိပ္ပါယ်ဖွင့်ခဲ့တယ်။
အတိုချုံးရရင် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးတဲ့ ဖီမီနင့်ဝါဒဆိုတာ ရဲနဲ့ ထောင်တွေဟာ မိန်းမတွေကို လုံခြုံမှုပေးနိူင်တယ်လို့ ယူဆတာဖြစ်ပြီး ဗစ်တိုးရီးယား ရေးခဲ့သလိုပဲ အမျိုးသမီးတွေနဲ့ ကွီယားတွေဟာ ရဲတွေဆီက အကူအညီတောင်းရင်တောင်မှ သူတို့တွေက ရဲအကြမ်းဖက်မှုတွေနဲ့ ထောင်ချခံရတာတွေကို မကြာခဏ ပြန်ခံနေရပြန်တယ်။
စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေဟာ ရဲနဲ့ ထောင်တွေဟာ အမျိုးသမီးတွေကို လုံခြုံအောင် ကာကွယ်မဲ့အစား အန္တရာယ်ကို ပိုပေးနေတယ်ဆိုတာ သဘောပေါက်ကြတယ်။ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးတဲ့ ဖီမီနင့်ဝါဒ (Carceral Feminism) ကို ဆန့်ကျင့်ဖို့က ချုပ်နှောင်ထိန်းချုပ်မှုတွေ၊ ထောင်ချအပြစ်ပေးမှုစနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ဖီမီနင့်ဝါဒကို ကျင့်သုံးမှ ဖြစ်မယ်။
စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ဖီမီနင့်ဝါဒဟာ အမျိုးသမီးတွေကို လုံခြုံအောင် တကယ် ကာကွယ်ပေးနိူင်တဲ့ ပြောင်းလဲနိူင်စွမ်းရှိတဲ့ တရားမျှတမှု (transformative justice) လိုမျိုး ပုံစံသစ်တွေ ပေါ်ပေါက်လာအောင် ကြိုးစားတယ်။
တစ်နည်းအားဖြင့် ချုပ်နှောင်ထိန်းချုပ်မှုတွေနဲ့ ထောင်ချအပြစ်ပေးမှုစနစ်တွေဟာ ကောင်းကျိုးအတွက် သုံးလို့ရတယ်လို့ ထင်တဲ့နေရာမှာ ထောင်စနစ်ကို အားပေးတဲ့ ကွန်မြူနစ်ဝါဒဟာ ထောင်စနစ်ကို အားပေးတဲ့ ဖီမီနင့်ဝါဒနဲ့ အတူတူပဲ။
တကယ်တမ်းက အဲ့ဒီစနစ်တွေက ကောင်းကျိုး မပြုဘူး။ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကို အားပေးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ရဲနဲ့ ထောင်တွေဟာ ကွန်မြူနစ်ဝါဒနဲ့ လိုက်ဖက်တယ် (ဒါမှမဟုတ်) လိုအပ်တယ်လို့ ထင်တာကို ထောက်ပြချင်တာပဲ။
ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားကိုအားပေးတဲ့ ဖီမီနင့်ဝါဒဟာ မိန်းမပြုခြင်းခံရတဲ့ ခန္ဓာကိုယ်တွေအပေါ် အကြမ်းဖက်မှုတွေ ပိုသက်ရောက်စေတဲ့အတွက် ဖီမီနင့်ဝါဒနဲ့ လားလားကြီး ဆန့်ကျင့်နေတယ်။ အဲ့ဒီလိုပဲ ထောင်စနစ်ကို အားပေးတဲ့ ကွန်မြူနစ်ဝါဒဟာ ကွန်မြူနစ်ဝါဒရဲ့ အမြင်နဲ့ လုံးဝဥဿုံ ဆန့်ကျင့်နေတယ်။
ရဲနဲ့ ထောင်ကို ဘယ်လိုမှ ကွန်မြူနစ်ပြုလို့ မရဘူး၊ အောက်ခြေလုပ်သား ပြုလို့ မရဘူး၊ ကိုလိုနီစနစ်တွေကနေ ချွတ်ချလို့ မရဘူး၊ အင်ဒီးဂျနင့် အပြုအမူတွေပါလို့ ယူဆလို့ မရဘူး။
သူတို့တွေမှာ ရှိနေတဲ့ သွင်ပြင်တွေက အရင်းရှင်စနစ်နဲ့ မော်ဒန်နိူင်ငံ စနစ်တွေနဲ့ လုံးဝ ပတ်သက်ဆက်စပ်နေပြီး လူတန်းစားတစ်မျိုးကို အောက်ခြေလုပ်သားအဖြစ်ပြုတဲ့ အရင်းရှင်လူမှုပတ်ဝန်းကျင်တစ်ခုရဲ့ သွင်ပြင်တွေပဲ ဖြစ်နေတယ်။
ကမ္ဘာပေါ်က တစ်ခြားနိူင်ငံတွေမှာလိုပဲ ဖိလစ်ပိုင်မှာတော့ ရဲနဲ့ ထောင်တွေဟာ ကိုလိုနီစနစ်ရဲ့ တော်လှန်ရေးတွေကို နှိမ်နင်းတဲ့ ယန္တရားတွေဖြစ်ပြီး ထောင်တွေက တရားမျှတမှုအမှန်တွေကနေ လမ်းချော်အောင် လုပ်နေတယ်လို့ အင်ဒီးဂျနင့်အစုအဖွဲ့တွေက အခုချိန်ထိ ခံစားနေရတယ်။
ကွန်မြူနစ်အလုပ်အကိုင်တွေမှာ ရဲနဲ့ ထောင်စနစ်တွေကို ဖြိုချဖျက်ဆီးဖို့ လိုအပ်တယ်။ ကွန်မြူနစ်ဝါဒီဆိုတာ လက်ရှိအခြေအနေ – အရင်းရှင်ကမ္ဘာမှာ ငါတို့တွေကို ဆက်တိုက် အောက်ခြေလုပ်သားပြုနေတဲ့ အခြေအနေ – ကို ဖြိုချဖျက်ဆီးတဲ့ လှုပ်ရှားမှု အရွေ့တစ်ခုသာ ဖြစ်တယ်။
ကွန်မြူနစ်ဝါဒီဆိုတာ အောက်ခြေလုပ်သားတွေရဲ့ မိမိကိုယ် လူတန်းစား ဖြိုချဖျက်ဆီးခြင်း ဖြစ်တာကြောင့် ကွန်မြူနစ်အလုပ်အကိုင်ဆိုတာ အောက်ခြေလုပ်သားပြုခြင်းကို တိုက်ခိုက်တဲ့ လုပ်ငန်းစဥ်၊ လုပ်ရပ်တွေ ဖြစ်တယ်။ အဲ့ဒါကြောင့် ချုပ်နှောင်ထိန်းချုပ်မှုတွေနဲ့ ထောင်ချအပြစ်ပေးမှုတွေကို စော်ကားတဲ့ ဖြိုချဖျက်ဆီးမှုတွေဟာ ကွန်မြူနစ်အလုပ်အကိုင်တွေပဲ ဖြစ်တယ်။
အောက်ခြေလုပ်သားပြုခြင်းဆိုတာ အရင်းအမြစ်ရဲ့ လွှမ်းမိုးမှုခံထားရတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေကို ဆိုလိုတာဖြစ်ပြီး အောက်ခြေလုပ်သားကို ခွဲခြားလိုက်တဲ့ လူတန်းစားအမှတ်အသားတစ်ခု ဖြစ်တယ်။
လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုအနေနဲ့ အောက်ခြေလုပ်သားပြုခြင်းဟာ လခစား လုပ်အား (wage labor) ကနေတဆင့် အလုပ်ဆိုတာကို လူသားလုပ်ရပ်တွေကနေ ဖယ်ခွာပြီး လုပ်သားတွေရဲ့ ထုတ်လုပ်မှုကနေ ရရှိလာတဲ့ အသီးအပွင့်တွေကို လုပ်သားတွေကနေ သူစိမ်းပြုလိုက်ခြင်း ဖြစ်တယ်။
အဲ့လိုနဲ့ အောက်ခြေလုပ်သားပြုခြင်းဟာ အရင်းအမြစ်၊ နိူင်ငံနဲ့ အုပ်ချုပ်သူတွေက အောက်ခြေလုပ်သားကို စိုးမိုးထားတဲ့ အထက်အောက် လွှမ်းမိုးတဲ့ အခြေအနေတစ်ခုပဲ။
၂၀၂၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ငါတို့ ရပ်ရွာပတ်ဝန်းကျင်တွေ၊ ငါတို့ အဖြေတွေ – ထိန်းချုပ်ချုပ်နှောင်မှုများကို ဖြိုချဖျက်ဆီးခြင်းလှုပ်ရှားမှုကမ်ပိန်းများပြုလုပ်ရန် ဦးဆောင်သူများအတွက် ကိရိယာသေတ္တာ (Our Communities, Our Solutions: An Organizer’s Toolkit for Developing Campaigns to Abolish Policing) ဆိုတဲ့စာအုပ်ထဲမှာ Critical Resistance (ချက်ကျလက်ကျ အာခံမှု) အဖွဲ့က ထိန်းချုပ်ချုပ်နှောင်မှုဆိုတာကို “နိူင်ငံတစ်နိူင်ငံက အင်အားကို အသုံးပြုပြီး ဥပဒေနဲ့ လူမှုရေးထိန်းချုပ်မှုအမူအကျင့်တွေနဲ့ တည်ဆောက်ထားတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခု” လို့ အဓိပ္ပါယ်ဖွင့်တယ်။
ထိန်းချုပ်ချုပ်နှောင်မှုကို လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုလို့ ဆိုခြင်းအားဖြင့် Critical Resistance (ချက်ကျလက်ကျ အာခံမှု) အဖွဲ့က ထိန်းချုပ်ချုပ်နှောင်မှုတွေဟာ ကျွန်စနစ်၊ လူအုပ်စု ခွဲခြားခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခြင်း အစရှိတဲ့ “ဖိနှိပ်မှုအခြေအနေတွေကို တွန်းအားပေး” နေပြီး ပြစ်မှုကျူးလွန်သူလို့ သတ်မှတ်ခံရတဲ့ လူ့အသိုင်းအဝိုင်းတွေကြားထဲမှာ ထိန်းချုပ်ချုပ်နှောင်မှုတွေကို လိုက်နာဖို့ ပြန်တိုက်တွန်းနေတယ်လို့ ထောက်ပြခဲ့တယ်။
တစ်နည်းအားဖြင့် ပြောရရင် ထိန်းချုပ်ချုပ်နှောင်မှုတွေဟာ အောက်ခြေလုပ်သားပြုခြင်းကို ပြန်လှုံ့ဆော်နေတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုပဲ။
အောက်ခြေလုပ်သားလူတန်းစားဆိုတာ ပြစ်မှုကျူးလွန်သူလို့ အမြဲတမ်း သတ်မှတ်ခံထားရတဲ့ လူတန်းစားတစ်ခုပဲ။
မတူတဲ့ လူတန်းစားတွေကြားက ထိန်းချုပ်ချုပ်နှောင်ပုံတွေကိုပဲ ကြည့်ပါ။ အလုပ်သမားတစ်ယောက်က အစားအသောက်ခိုးတယ်ဆိုရင် ထောင်ချခံရတယ်။ ဒါပေမဲ့ သူဌေးတစ်ယောက်က အလုပ်သမားတွေဆီက ခိုးရင်တော့ ဘာမှမဖြစ်ဘူး။ လစာ ခိုးယူမှု (wage theft) ဆိုတာ အဲ့လိုပုံစံနဲ့ နေ့တိုင်းဖြစ်နေတာပဲ။ ဒီလိုနည်းနဲ့ ထိန်းချုပ်ချုပ်နှောင်မှုဟာ အောက်ခြေလုပ်သားပြုခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတယ်။
ထိန်းချုပ်ချုပ်နှောင်မှုဆိုတာကို စတီထွင်ခဲ့ကတည်းက လုပ်သားတွေကို အမြဲတမ်း ပိုနေမြဲ ကျားနေမြဲထားဖို့ဆိုတဲ့ လုပ်ငန်းစဥ် အမြဲပါခဲ့တယ်။
ဘူဇွာနိူင်ငံတွေမှာသာမက ကွန်မြူနစ်လို့ ခေါ်တဲ့ နိူင်ငံတွေမှာ ရဲဆိုတာဟာ တန်ပြန်ခုခံချင်တဲ့ အောက်ခြေလုပ်သားတွေကို နှိပ်ကွပ်ဖို့အတွက် အသုံးပြုခဲ့တာပဲ။ ဖိလစ်ပိုင်နဲ့ အရင်ဆိုဗီယက်ပိုလန်နိူင်ငံတွေလို အင်ပိုင်ယာပြုခံလိုက်ရတဲ့ နိူင်ငံတွေမှာလည်း အတူတူပဲ။
ဖိလစ်ပိုင်က မန်ဒီအိုလာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Mendiola Massacre) သို့မဟုတ် ဆိုဗီယက်ပိုလန်က ဆိုလီဒါနောရှ် (Solidarność) ဖိနှိပ်မှုတွေမှာ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက အုပ်စိုးနေတာပဲ။
ရာဒီကယ်ဆန်တဲ့ ထုံးတမ်းတွေအရ စနစ်တွေကို ဖြိုချဖျက်ဆီးခြင်းဆိုတာ လူမည်းရာဒီကယ် ထုံးတမ်းတွေက ဆင်းသက်လာတာဖြစ်ပြီး ကွန်မြူနစ်သဘောတရားတွေက ဥရောပက အောက်ခြေလုပ်သားနေရာတစ်နေရာက ပေါ်ပေါက်လာတာ ဖြစ်တယ်။
စနစ်တွေကို ဖြိုချဖျက်ဆီးတာနဲ့ ကွန်မြူနစ်ဝါဒီက အုပ်ချုပ်သူလူတန်းစားတွေ၊ ကျွန်ပြုခံလူတန်းစားတွေနဲ့ လုပ်သားလူတန်းစားတွေကြားထဲမှာ အမြစ်တွယ်ပုံတွေ တူပါတယ်။
နိူင်ငံတော်ကို ဆန့်ကျင့်တဲ့ ကွန်မြူနစ်တွေဟာ ထိန်းချုပ်ချုပ်နှောင်မှုနဲ့ ထောင်စနစ်တွေကို ဖြိုချဖျက်ဆီးချင်တဲ့ သူတို့ရဲ့ အသိစိတ်တွေထဲမှာ မသိမသာ စိမ့်ဝင်နေပေမဲ့ ကွန်မြူနစ်ဝါဒီနဲ့ စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုတာကို အတူတူတွဲပြီး ပြောလေ့ပြောထ မရှိဘူး။
ထိန်းချုပ်ချုပ်နှောင်မှုနဲ့ ထောင်စနစ်တွေဟာ လူတန်းစားနဲ့ နိူင်ငံဆိုတာကို ဖျက်ဆီးလိုက်ပြီးသကာလ ဆက်ပြီး ရှိကို မရှိနိူင်တော့လို့ စနစ်များကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီ (abolition communism) လို့ နာမဝိသေသန ထပ်တပ်နေစရာ မလိုတော့ဘူး။
တကယ်တမ်းက စနစ်များကို ဖြိုချဖျက်ဆီးခြငးနဲ့ ကွန်မြူနစ်ဝါဒီ နှစ်ခုလုံးက လက်ရှိအခြေအနေတွေကို ဖျက်ဆီးပြီး မတူညီတဲ့ ဘဝအရည်အသွေးတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်တာပဲ မဟုတ်ဘူးလား?
ဒီလိုဆိုရင် စနစ်များကို ဖြိုချဖျက်ဆီးခြင်းနဲ့ ကွန်မြူနစ်ဝါဒီဆိုတာ တူတူပဲ။
ဒါပေမဲ့ ကွန်မြူနစ်နိူင်ငံရေးက ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေနဲ့ နှစ်ပေါင်းများစွာ အရမ်းယှက်နွယ်လာတဲ့အခါ ထိန်းချုပ်ချုပ်နှောင်မှုအတွေးအခေါ်တွေကို ပြတ်ပြတ်သားသားငြင်းဆိုတဲ့ ကွန်မြူနစ်ဝါဒီဆိုတာကို တိတိလင်းလင်းပြောဆိုဖို့ လိုလာတယ်။
ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီနဲ့ မတူဘဲ စနစ်များကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီဆိုတာဟာ ကွန်မြူနစ်အယူအဆတွေထဲက ထိန်းချုပ်ချုပ်နှောင်မှုသဘောတရား ထုံးစံတွေနဲ့ “ကွန်မြူနစ်” အမည်ခံနိူင်ငံတွေရဲ့ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေကို သေသေချာချာ ငြင်းဆန်ရမယ်။
ဘောဘီ စီးလ် (Bobby Seale) ကို ကိုးကားရရင် ငါတို့ဟာ ထိန်းချုပ်ချုပ်နှောင်မှုတွေကို ထိန်းချုပ်ချုပ်နှောင်မှုတွေနဲ့ ပြန်မတိုက်ဘူး။ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ အရင်းရှင်စနစ်ကို ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီနဲ့ တိုက်မဲ့အစား စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီနဲ့ပဲ တိုက်မယ်။
“လူထုစစ်တပ်မရှိရင် လူထုဟာ ဘာမှ မရှိဘူး” လို့ မောင်ဝ် (Mao) တစ်ခါက ပြောခဲ့တယ်။ ဒါပေမဲ့ လူသစ်များ တပ်စု (New Peoples Army) ကို အသုံးပြုပြီး ဖိလစ်ပိုင်နိူင်ငံတော်ရဲကို တိုက်တာဟာ နှစ်ခုလုံးက ထိန်းချုပ်ချုပ်နှောင်မှုတွေ ပြန်မွေးမြူနေသေးရင် လွတ်မြောက်ရေးအတွက် ဘာအကျိုးမှ မရှိဘူး။
ရဲ၊ ထောင်စနစ်နဲ့ ထိန်းချုပ်ချုပ်နှောင်မှုတွေကို တိုက်ခိုက်ဖို့အတွက် ထိန်းချုပ်ချုပ်နှောင်မှုတွေကို ဖျက်ဆီးမဲ့ အရည်အသွေးအသစ်တွေရှိတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအသစ်တွေ လိုအပ်နေတယ်။
တစ်ချိန်က မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အရာတွေဟာလည်း လက်လွှတ်လို့ရတဲ့ အရာတွေပါပဲဆိုတာကို ပြရမယ်။ ပြီးတော့ တစ်ချိန်က မဖြစ်နိူင်ပါဘူးဆိုတဲ့ အရာတွေဟာလည်း ဖြစ်နိူင်ပါတယ်ဆိုတာကိုလည်း ပြရမယ်။
ကွန်မြူနစ်လို့ ခေါ်တဲ့ နိူင်ငံတွေဟာ အောက်ခြေလုပ်သားတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် ထိန်းချုပ်ချုပ်နှောင်မှုတွေကို ထားရှိဖို့လိုအပ်တယ်ဆိုပြီး စဥ်းစားထားပေမဲ့ အဲ့ဒီအတွေးအခေါ်က တံလျှပ်ပေါ် ရေထင်နေသလိုပဲ။
ဂိုင်း ဒေါက်ဗေ (Gilles Dauvé) ပြောခဲ့တာကို ပြန်ထောက်ပြရရင် ဘူဇွာရဲနဲ့ ထောင်တွေကို တန်ပြန်တိုက်ခိုက်ဖို့ အောက်ခြေရဲနဲ့ ထောင်တွေ လိုတယ်လို့ တွေးတာဟာ အောက်ခြေလုပ်သားဆိုတာကို ဘူဇွာသဘောတရားတွေကနေ တွေးသလိုမျိုးပဲ။ အဲ့လိုလုပ်ခြင်းအားဖြင့် အာဏာရှင်စနစ်တွေကို တွန်းလှန်နေတဲ့ လှုပ်ရှားမှုတွေရဲ့ လုပ်ရပ်တွေအားလုံးကို ပြောင်းပြန်လှန်လိုက်တာပဲ။
စနစ်တွေကို ဖြိုချဖျက်ဆီးချင်တဲ့ အောက်ခြေလုပ်သားတစ်ယောက် တည်ဆောက်ထားတဲ့ လူ့ပတ်ဝန်းကျင်ဟာ ဘူဇွာပတ်ဝန်းကျင်နဲ့ ပြန်တူနေလို့ မဖြစ်သေးဘူးလေ။ ထိန်းချုပ်ချုပ်နှောင်မှု သဘောတရားတွေကို ပြန်ထည့်သွင်းတည်ဆောက်တယ်ဆိုတာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကွန်မြူနစ်ဝါဒကို ဘူဇွာအသိုင်းအဝိုင်းထဲမှာ ပြန်တည်ဆောက်လိုက်တာပဲ။ ကွန်မြူနစ်လို့ ခေါ်တဲ့ နိူင်ငံတွေရဲ့ ထိန်းချုပ်ချုပ်နှောင်မှု သဘောတရားတွေဟာ ဘူဇွာအသိုင်းအဝိုင်းတွေရဲ့ ထိန်းချုပ်ချုပ်နှောင်မှု သဘောတရားရဲ့ မှန်တွေသာ ဖြစ်ပြီး သူတို့ရဲ့ ဘူဇွာ အပြုခံရခြင်းဖြစ်စဥ်ရဲ့ သက်သေတွေပဲ။ ဒီနေရာမှာ အန္တရာယ်နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ ကွန်မြူနစ်ဝါဒီဟာ ရဲနဲ့ ထောင်ဆိုတဲ့ ဘူဇွာသွင်သဏ္ဍာန်ကို ပြန်ယူနေလို့ မရဘူး။ ယူနေသေးတယ်ဆိုရင် ဒါဟာ ကွန်မြူနစ်သဘောတရား မဟုတ်တော့ဘူး။
စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ကွန်မြူနစ်အသွင်သစ်တစ်မျိုးကို ဆိုလိုတာ မဟုတ်ဘူး။ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ကွန်မြူနစ် အသိတွေနဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ အသိတွေကို ပေါင်းစပ်လိုက်တာမျိုးပဲ။
စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ကွန်မြူနစ်လုပ်ထုံးလုပ်နည်းတွေဟာ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ အဆင့်တွေနဲ့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေတဲ့ သဘောပဲ။
ဒီလိုပြောလို့ ရဲတွေကို ထောက်ပံ့ထားတာတွေ ရုတ်သိမ်း၊ အကျဥ်းသားတွေ လွှတ်ပေးဆိုတဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးမှုတွေရဲ့ အချက်တွေသာ ကွန်မြူနစ်ဝါဒရဲ့ လုပ်ထုံးလုပ်နည်းတွေ အလိုအလျောက် ဖြစ်သွားတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီအချက်တွေကလည်း အရင်းရှင်စနစ်အောက်က ကွန်မြူနစ်စည်းရုံးမှုတွေအတွက် ပိုမို လွယ်ကူစေတယ်။
အထူးသဖြင့် စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ သဘောတရားတွေကို လက်ကိုင်ထားတဲ့ ကွန်မြူနစ် လုပ်ထုံးလုပ်နည်းတွေဟာ ထိန်းချုပ်ချုပ်နှောင်ခြင်းနဲ့ ထောင်ချခြင်းစနစ်တွေအပြင် လုပ်အားခ၊ နိူင်ငံ၊ အလုပ် အစရှိတဲ့အရာတွေကိုပါ တစ်ပြိုင်နက်တည်း တစ်စစီစုတ်ဖဲ့စေတယ်။ ဘာကြောင့်လည်းဆိုတော့ ထိန်းချုပ်ခြင်းနဲ့ ထောင်ချခြင်းတွေသာ အရင်းကို ကာကွယ်ဖို့အတွက် အဓိကကျတဲ့ ယန္တရားတွေ ဖြစ်နေလို့ပဲ။
အကျဥ်းသားတွေ လွှတ်ပေးတာနဲ့ ထောင်တွေကို မီးရှို့တာတွေတာ [ကူညီထောက်ပံ့မှု] ပရိုဂရမ်ပေါင်း သောင်းခြောက်ထောင်ထက် အောက်ခြေလုပ်သားတွေအတွက် ပိုအကျိုးဖြစ်စေတယ်။
အန်ဂျလာဒေးဗစ်စ် (Angela Davis)လို စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်သမားတွေက ရဲနဲ့ ထောင် ဖြိုချမှုတွေကို ထိန်းချုပ်ချုပ်နှောင်မှုတွေမရှိတဲ့ နိူင်ငံဆိုတာနဲ့ သေသေချာချာ ချိတ်ဆက်ပြောဆိုနိူင်ကြတယ်။ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ မင်းမဲ့သမားတွေကလည်း ထိန်းချုပ်ချုပ်နှောင်မှုဆိုတာ နိူင်ငံတော်ဆိုတဲ့ စနစ်ရဲ့ အလုံးအထည်ပဲဆိုတာကို သဘောပေါက်ကြတယ်။
မင်းမဲ့သမားတွေအတွက် နိူင်ငံအာဏာဆိုတာနဲ့ သူရဲ့ အကြမ်းဖက်မှုတွေအပေါ် အသာစီးရထားတဲ့ နေရာဆိုတာ အချိန်မရွေး အသုံးချနိူင်တယ်ဆိုတာ အထူးတလည် ဆန်းကြယ်နေတာ မဟုတ်ပါဘူး။ နိူင်ငံရဲ့ ရဲနဲ့ ထောင်တွေအတွက် မှန်ကန်တဲ့ ခေါင်းဆောင်တွေသာ ရှိရင် ပိုကောင်းမယ်လို့ ထင်တာဟာ စိတ်ကူးယဥ်ဆန်နေတာပဲ။ အဲ့ဒါက ခေါင်းဆောင်ကောင်းတွေသာ ရှိရင် ရဲနဲ့ ထောင်တွေဟာ မကောင်းဆိုးဝါးတွေအနေကနေ ပြောင်းလဲသွားပြီး နိူင်ငံတော်ကနေ ရဲနဲ့ ထောင်တွေကို အေးချမ်းစွာ ဖြုတ်ချနိူင်မယ်လို့ ထင်နေလို့ပဲ။ တစ်နည်းပြောရရင် အကြမ်းဖက်မှုဆိုတာ နိူင်ငံတော်ဖြစ်တည်မှုရဲ့ ပင်မအကြောင်းရင်း ဖြစ်နေပြီး အကြမ်းမဖက်တဲ့ နိူင်ငံဆိုတာ အခုချိန်ထိ ဘယ်မှာမှ မရှိသေးဘူး။
အဲ့ဒီတော့ နိူင်ငံတော်ကို သူ့ရဲ့ အကြမ်းဖက်မှုအင်အားတွေကနေ ဖယ်ခွာဖို့ဆိုတာက ကွန်မြူနစ်တဘောင်ဟောင်းကြီးကို ဖြည့်ဆည်းရသလိုပဲ – “အောက်ခြေလုပ်သားများသည် လူတန်းစားဖြစ်တည်မှုကနေ မိမိကိုယ်ကို ဖျက်ဆီးခြင်းအားဖြင့် နိူင်ငံဆိုတာကို နိူင်ငံကနေ ဖြိုချဖျက်ဆီးရမည်။”
ကွန်မြူနစ်တွေက အရင်းရှင်တွေကို နံရံမှာ တန်းစီပြီး သေနတ်နဲ့ ပစ်သတ်တာ ဒါမှမဟုတ် သူတို့ကို “ပြန်လည်ထူထောင်ရေး” စခန်းတွေပို့ပြီး အုပ်စုလိုက် ထောင်ချတာတွေ မလုပ်ရဘူးဆိုတော့ ဘာဆက်လုပ်ကြမလဲ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနဲ့ ထောင်ချခြင်းတွေအစား စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီက “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) အလုပ်ကို လေးလေးနက်နက် စဥ်းစားလာကြတယ်။
ထိန်းချုပ်ချုပ်နှောင်မှုတွေကို ပယ်ဖျက်ခြင်း (decarceration) ဆိုတာ အကျဥ်းချခံထားရတဲ့ ခန္ဓာကိုယ်တွေကို လွှတ်ပေးလိုက်တာဆိုရင် “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) ဆိုတာ ထောင်ချခြင်း၊ ထိန်းချုပ်ချုပ်နှောင်ခြင်းနဲ့ ရဲစနစ်တွေကို လုံးဝ ဖျောက်ဖျက်လိုက်တာကို ဆိုလိုတာပဲ။
“လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) မှာ အပြောင်းအလဲဖြစ်စေတဲ့ တရားမျှတမှု (transformative justice)၊ အန္တရာယ် လျှော့ချမှုနဲ့ ရပ်ရွာပတ်ဝန်းကျင်က တာဝန်ယူမှုတွေ ပါဝင်နေတယ်။ ဒီအချက်တွေကနေတဆင့် လူ့အသိုင်းအဝိုင်းတွေကနေ အန္တရာယ်တွေကို ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့ ရလာနိူင်တယ်။ “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) က စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ အောက်ခြေလုပ်သားတွေအနေနဲ့ ဘူဇွာတွေရဲ့ နည်းလမ်းတွေ ဖြစ်တဲ့ ဖမ်းဆီးခြင်းနဲ့ ထောင်ချခြင်းတွေနဲ့ မတူတဲ့ အန္တရာယ်ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ဖြစ်ကောင်း ဖြစ်လာနိူင်တယ်။
၃။ ထိန်းချုပ်ချုပ်နှောင်ခံများ၏ မိမိကိုယ်ကို ဖြိုချဖျက်ဆီးခြင်း
ဒါဆို ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းကို မေးဖို့ ကျန်နေသေးတယ်။
Prison Research Education Action Project (ထောင်သုတေသန ပညာရေး လုပ်ငန်းစဥ် စီမံကိန်း) ကို အကျယ်တဝင့် ကိုးကားရရင်တော့
ဖရက်ဒရစ် ဒေါက်ဂလပ်စ် (Frederick Douglass) တွေ့ကြုံခဲ့သလိုပဲ အာဏာရဲ့ အရင်းခံဟာ ကျွန်တွေရဲ့ သခင်မှာပဲ ရပ်တန့်နေတာမဟုတ်ဘဲ ကျွန်ပြုခံတွေမှာပါ ရှိနေတာပဲ–ကျွန်ပြုခံဘဝကို ငြင်းဆိုပိုင်ခွင့်ရှိတယ်ဆိုတာ သတိမူပြီးနောက်မှာပေါ့။ အဲ့ဒီလိုပဲ ထောင်တွေရဲ့ အာဏာဟာ ထောင်မှူးတွေမှာပဲ ရှိနေတာမဟုတ်ဘဲ အကျဥ်းခံဘဝ လည်ပတ်နေအောင် လက်ခံသဘောတူပြီး ပူးပေါင်းပါဝင်ထားတဲ့ ထောင်သားတွေမှာပါ ရှိနေတယ်ဆိုတာ ပုန်ကန်နေတဲ့ ထောင်သားတွေကလည်း ထောက်ပြပြီးဖြစ်တယ်။ အဲ့ဒီ လက်ခံသဘောတူ ပူးပေါင်းပါဝင်မှုကို ရုပ်သိမ်းလိုက်တာနဲ့ ထောင်တွေ လည်မပတ်နိူင်တော့ဘူး။ နံရံတွေရဲ့ အပြင်က ငါတို့တွေကပါ ထောင်တွေကို လက်ခံသဘောတူ ပူးပေါင်းပါဝင်နေပါတယ်ဆိုတာကို သတိပြုမိဖို့ လိုတယ်။ (ထောင်တွေအစား-စနစ်များကို ဖြိုချဖျက်ဆီးသူများ လက်စွဲ/ Instead of Prisons: A Handbook for Abolitionists)
အဲ့ဒီလိုပဲ အောက်ခြေလုပ်သားတွေကလည်း အရင်းရှင်စနစ် ဆက်လက်ပြီး အဓွန့်ရှည်လည်ပတ်နေနိူင်အောင် လက်ခံသဘောတူထားပေးကြတယ်။ Proletarios Revolucionarios (တော်လှန်ရေး အောက်ခြေလုပ်သား) က “အောက်ခြေလုပ်သားများ၏ မိမိကိုယ်ကို ဖြိုချဖျက်ဆီးခြင်းဖြင့် အရင်းရှင်ကမ္ဘာ၏အဆုံး” (The Self-Abolition of the Proletariat As the End of the Capitalist World) မှာ ထောက်ပြထားသလိုပဲ အောက်ခြေလုပ်သားဟာ အရင်းအမြစ် (capital) ရဲ့ လူတန်းစားတစ်ခုဖြစ်ပြီး အောက်ခြေလုပ်သားပြုခြင်း အဓွန့်ရှည်ဖို့အတွက် အောက်ခြေလုပ်သားဆိုတာ ရှိမှ ဖြစ်မယ်။
ထောင်နဲ့ ရဲတွေကို ပုံသဏ္ဍာန်သာ ပြောင်းလဲချင်သူတွေက ထိန်းချုပ်ချုပ်နှောင်မှုတွေကို ဆက်ပြီး အားပေးအားမြှောက်ပြုသလို အိမ်ခန်းငှားတာတွေ၊ လခစားအလုပ်တွေဟာလည်း အောက်ခြေလုပ်သားပြုခြင်းကို ဆက်လက်အားပေးနေတယ်။
ကွန်မြူနစ် ပြန်လည်အသက်သွင်းဖို့အတွက် အောက်ခြေလုပ်သားပြုခြင်းနဲ့ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အတူတူ ဖျက်ဆီးရမယ်။
တစ်ချိန်တည်းမှာပဲ လက်ဝဲတွေရဲ့ စိတ်ဝိညဥ်ထဲမှာ စွဲကပ်နေသေးတဲ့ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီကိုလည်း စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေက အမြဲတစေ စိန်ခေါ်နေနိူင်ရမယ်။
အမေရိကန်ပြည်ထောင်စုလို့ ခေါ်တဲ့ နိူင်ငံမှာ စနစ်ကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်လို့ မှတ်ယူလို့ ရနိူင်တဲ့၊ ကျွန်တော်တို့နဲ့ အတူတကွ ခရီးသွားနေကြသူတွေလို့ ယူဆလို့ ရကောင်းရနိူင်တဲ့ လူမည်းရာဒီကယ် ထုံးတမ်းတွေထဲမှာတောင်မှ စနစ်ကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီဆိုတာ ဘာလဲဆိုတာ တိတိကျကျ မဖော်ပြနိူင်တဲ့ အလေ့အထတွေ ရှိနေသေးတယ်။ ဒီလို မရှင်းလင်းတဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်တွေဟာ အမေရိကန်ရဲ့ အဓိကနေရာကို ခြေကုပ်ယူထားဆဲဖြစ်တဲ့ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ ကွန်မြူနစ်ဝါဒီကို ကောင်းကောင်းစိန်ခေါ်နိူင်တဲ့ နေရာကို ရထားတယ်။
ဖိလစ်ပိုင်မှာတော့ ငါတို့လို စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေက စနစ်တွေကို ဖြိုချဖျက်ဆီးဖို့ တိုက်တွန်းလာကြပေမဲ့ ထိန်းချုပ်ချုပ်နှောင်ခြင်းသဘောတရားဟာ မောင်ဝ်ဝါဒ၊ နိူင်ငံတော်ဆိုင်ရာ ဒီမိုကရေစီ (National Democratic)၊ ဆိုရှယ်ဒီမိုကရှက် (Social Democratic) နဲ့ တသီးပုဂ္ဂလ လက်ဝဲတွေကြားမှာ ပျံ့နှံနေတုန်းပဲ။
ငါတို့ဟာ ကွန်မြူနစ်တွေအတွက် စနစ်ကို ဖြိုချဖျက်ဆီးသူတွေ ဖြစ်သင့်ပြီး စနစ်ကို ဖြိုချဖျက်ဆီးသူတွေအတွက် ကွန်မြူနစ်ဖြစ်ရမယ်။ ထိန်းချုပ်ချုပ်နှောင်ခြင်းသဘောတရားတွေကို တိုက်ခိုက်၊ မင်းမဲ့ဝါဒကို ဖြန့်၊ ကွန်မြူနစ်ဝါဒီနဲ့ အသက်ရှင်ကြ။
ဒါပေမဲ့ NPA လိုရဲတွေကို သေနတ်နဲ့ပစ်တာမျိုး၊ ထိန်းချုပ်ချုပ်နှောင်မှုတွေကို ချွတ်ချပြီး လွတ်မြောက်ခွင့်ပေးလိုက်တာမျိုး ဒါမှမဟုတ် လူမည်း အသက်ပြန်သွင်းသူတွေ လုပ်သလို ရဲစခန်းတွေကို မီးရှို့တာမျိုးလို ငါတို့ရဲ့ အယူအဆကို ဖြန့်တာနဲ့တင် မလုံလောက်သေးဘူး။
ထိန်းချုပ်ချုပ်နှောင်ခြင်းသဘောတရားနဲ့ အရင်းအမြစ်ဟာ ဆက်ပြီး ကြီးစိုးနေဆဲကာလမှာ လှောင်ချိုင့်တွေထဲက သားကောင်တွေကို လွှတ်ပေးပြီး အန္တရာယ်ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိူင်တဲ့ လွတ်မြောက်ခွင့်ပေးစနစ်တွေကို ထူထောင်ရင်း ငါတို့က စနစ်တွေကို ဆက်လက်ဖြိုချဖျက်ဆီးဖို့ ရုန်းကန်ကြရမှာပဲ။ ဒါပေမဲ့ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒဆိုတာ ထိန်းချုပ်ချုပ်နှောင်ခြင်းသဘောတရားနဲ့ အရင်းအမြစ်ကို လုံးဝဥဿုံ ဖျက်ဆီးတာကို ဆိုလိုတယ်။ ငါတို့က Bakunin ပြောခဲ့တဲ့ ဟုတ်တယ် ဖျက်ဆီးခြင်းကလည်း တီထွင်ခြင်းအတွက် လှုံ့ဆော်မှုတစ်ခုပဲ ဖြစ်တယ်၊ ဒါပေမဲ့ ဖျက်ဆီးခြင်းနဲ့တင် ရပ်လို့ မရဘူးဆိုတာကို သဘောတူတယ်။
ဂိုင်းဒေါက်ဗေ (Gilles Dauvé) အကြံပြုသလိုပဲ
တကယ်တမ်း မေးခွန်းထုတ်ရမှာက ဘယ်သူ့ဆီမှာ သေနတ်တွေရှိလဲ ဆိုတာမဟုတ်ဘူး၊ သေနတ်တွေနဲ့ လူတွေက ဘာလုပ်လဲဆိုတဲ့ မေးခွန်းပဲ။ လက်နက်ကိုင် အောက်ခြေလုပ်သား တစ်သောင်း တစ်သိန်းက သူတို့မှာရှိတဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိူင်စွမ်းတွေအပေါ်မှာ သူတို့ရဲ့ ယုံကြည်ချက်တွေကို မထားထားရင် ဘာ အဓိပ္ပါယ်မှ မရှိဘူး။ ဒီလိုမှမဟုတ်ရင် နောက်နေ့၊ နောက်လ၊ နောက်နှစ်တွေမှာ သူတို့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ အာဏာရှင်တွေက သူတို့လက်ထဲက သေနတ်တွေကို ပြန်လုယူသွားကြမှာပဲ (“အသက်ပြန်သွင်းမှုတွေ သေသွားတဲ့အခါ”/ “When Insurrections Die”)
အဲ့ဒါကြောင့် အသက်ပြန်သွင်းမှုတွေနဲ့တင် မလုံလောက်ဘူး။ NPA တွေက ရဲကို သေနတ်နဲ့ ပစ်သတ်ပေမဲ့ ထိန်းချုပ်ချုပ်နှောင်ခြင်းသဘောတရားကို သေနတ်နဲ့ ပစ်သူက ဆက်လက်ကိုင်ထားနေသေးရင် အသက်ပြန်သွင်းမှုကနေ ဘာတီထွင်မှုမှ ရမလာဘဲ အဲ့ဒီ အသက်ပြန်သွင်းမှုက သေသွားမှာပဲ။ နောက်ဆုံးမှာတော့ CPP-NPA မောင်ဝ်ဝါဒီတွေကလည်း ဂေါ် ရီလာစစ်ပွဲတွေကို တိုက်နေတာ နှစ်ဆယ်စုနှစ်ချီနေပါပြီ။ ဒါပေမဲ့ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားတွေက ဂေါ်ရီလာစစ်မျက်နှာပြင်တွေမှာရော ဘူဇွာတွေရဲ့ အာဏာစခန်းတွေမှာပါ ထိပ်ဆုံးက နေရာယူနေတုန်းပဲ။ NPA က ထိန်းချုပ်ချုပ်နှောင်မှုနဲ့ ရဲစနစ်တွေရဲ့ တရားဝင်ဖြစ်မြောက်မှုတွေကို မေးခွန်းထုတ်ရမဲ့အစား အဲ့ဒီစနစ်တွေကို ပြန်လည်မွေးမြူပေးနေတယ်။
ဘာလိုအပ်နေသလဲဆိုတော့ အရင်က ပုံမှန်အတိုင်းဖြစ်နေတာတွေ (status quo ante) ကို ပြန်တွန်းပို့နိူင်တဲ့၊ ထိန်းချုပ်ချုပ်နှောင်မှုတွေနဲ့ ထောင်တွေကို ပြန် မတည်ဆောက်နိူင်တော့တဲ့ အသက်သွင်းမှုတွေကို အကြမ်းဖျင်းပုံဖော်ဖို့ပဲ။ အဲ့ဒါကလည်း ပြန်လည်အသက်သွင်းသူတွေက အခုထက်ထိ မအောင်မြင်သေးရတဲ့ အကြောင်းရင်းခံပဲ။ သူတို့ရဲ့ ဖြစ်နိူင်ချေက နှိပ်စက်ညှင်းပန်းစရာကောင်းလောက်အောင် ကပ်သီးလေးပဲ လိုတော့တယ်။
အမေရိကန်နိူင်ငံ မီနီယာပိုလိစ်(Minneapolis)ပြည်နယ်က တတိယရဲစခန်းကို မီးရှို့တဲ့ ကိစ္စလိုမျိုး ထိန်းချုပ်ချုပ်နှောင်မှု လောဂျစ်ကို လုံးဝ အမြစ်ဖြတ်လိူက်နိူင်ပြီး နိူင်ငံရဲ့ အားအင်တွေက နောက်ပြန်ဆုတ်သွားရတဲ့ အချိန်တွေ ရှိခဲ့ပေမဲ့ နောက်မှာတော့ ထိန်းချုပ်ချုပ်နှောင်မှုတွေက အရင်လိုပဲ ပိုနေမြဲ ကျားနေမြဲ ပြန်ဖြစ်သွားပြန်တယ်။ အဲ့ဒီလိုအချိန်တွေက စနစ်တွေကို ဖြိုချဖျက်ဆီးခြင်းတွေ အကောင်အထည်ပေါ်လာတဲ့အချိန်တွေ ဖြစ်ပေမဲ့ အဲ့ဒီအချိန်တွေမှာ နောက်ပြန်လှည့်လို့မရတော့အောင် ရွှေ့ရမဲ့အကွက်တွေကို မလုပ်ဖြစ်ခဲ့ကြဘူး။ ဒါပေမဲ့ ရှင်းတာတစ်ခုက စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ခြေလှမ်းတွေမနင်းရင် ကွန်မြူနစ် အသက်ပြန်သွင်းဖို့ ကြိုးစားကြသူတွေက ဘူဇွာအတန်းအစားတစ်ခုကို ပြန်တည်ဆောက်ဖြစ်ဖို့ အန္တရာယ်ရှိတယ်။
နီပေါက နီပေါ မောင်ဝ်ဝါဒီတွေက ဘုရင်ရဲ့ ပါဝါကို နှိမ်နင်းလိုက်တဲ့ ဥပမာကိုပဲ ကြည့်ပါ။ တော်ဝင်ဘုရင်ရဲ့ ရဲတွေရဲ့ လောင်းရိပ်အောက်ကနေ မောင်ဝ် ရဲအသစ်က နေရာယူလိုက်တယ်။ အဲ့လိုလုပ်လိုက်ခြင်းအားဖြင့် အရည်အသွေးအသစ်တစ်ခုနဲ့ ပေါ်ပေါက်လာနိူင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဖြစ်နိူင်ချေဟာ အသတ်ခံလိုက်ရပြီး ဘူဇွာလူ့အဖွဲ့အစည်းတစ်ခုဟာ နီပေါမှာ ပြန်ပေါ်ပေါက်လာတယ်။ အဲ့ဒီအဖွဲ့အစည်းမှာ မောင်ဝ်ဝါဒီတွေက နာမည်ခံတွေအနေနဲ့သာ အုပ်စိုးကြတော့တယ်။ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ ဖိလစ်ပိုင် ကွန်မြူနစ်ပါတီရဲ့ လက်ထဲမှာစာ ဒီအတိုင်းဆက်ထားရင် အဲ့ဒီကံကြမ္မာကလည်း “ဖိလစ်ပိုင် တော်လှန်ရေး” အပေါ်ကို ကျရောက်လာနိူင်တယ်။
နောက်ဆုံးမှာတော့ တော်လှန်ရေးတစ်ခုဟာ ဘယ် ကွန်မြူနစ်ပါတီကမှ ဦးဆောင်ပေးလို့ မရသလို၊ ဘယ် စနစ်တွေကို ဖြိုချဖျက်ဆီးသူတစ်အုပ်စု၊ ကွန်မြူနစ်တစ်အုပ်စု (ဒါမှမဟုတ်) မင်းမဲ့သမားတစ်အုပ်စုကမှ ဦးဆောင်ပေးလို့ မရဘူး။ တော်လှန်ရေးက အောက်ခြေလုပ်သားတွေက မိမိကိုယ်တိုင် သူတို့ကို အောက်ခြေလုပ်သားပြုထားတဲ့ ကမ္ဘာကို ပြန်လည်တိုက်ခိုက်မှသာ ရမယ်။ ဒီဟာက ရဲတွေ၊ ထောင်တွေကို တိုက်ခိုက်တာကိုလည်း ပြောချင်တာပဲ။
ဒီလိုတွေးကြည့်ရင်တော့ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ “ကွန်မြူနစ်ဝါဒီ” ဆိုတာ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ အရင်းရှင်စနစ်ရဲ့ အကြွေစေ့ဟိုဘက်မျက်နှာတစ်ဖက်ခြမ်းပဲ။ ဘာလို့လဲဆိုတော့ ထိန်းချုပ်ချုပ်နှောင်မှုတွေကို အားပေးတဲ့ “ကွန်မြူနစ်ဝါဒီ”ဟာ ဘူဇွာလူ့အဖွဲ့အစည်းတစ်ခုကို ပြန်တည်ဆောက်ဖို့အတွက်သက်သက်သာ ဖြစ်တယ်။
စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်ဝါဒီဆိုတာ လက်ရှိအခြေအနေတွေကို ဖြိုချဖျက်ဆီးရမဲ့ အလုပ်ကို သတိမူမိတဲ့ ကွန်မြူနစ်ဝါဒီပဲ။ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်သမားတွေက သူတို့ကိုယ်ကိုယ်တိုင်ရဲ့ လူတန်းစားကို ဖြိုချဖျက်ဆီးရမယ်ဆိုတာ သဘောပေါက်ပြီး အောက်ခြေလုပ်သားပြုတဲ့ ဘယ်အရာကိုမဆို – အထူးသဖြင့် ရဲတွေ – ကို ပြန်တိုက်ခိုက်ရမယ်ဆိုတာ သဘောပေါက်တယ်။ စနစ်တွေကို ဖြိုချဖျက်ဆီးတဲ့ ကွန်မြူနစ်သမားတွေဟာ အောက်ခြေလုပ်သားပြု လူ့အဖွဲ့အစည်းရဲ့ အကျဥ်းသားတွေပဲ ဖြစ်ပြီး အဲ့ဒီထောင်ကို ချနင်းဖို့ အဆင့်သင့်ပဲ။ ဒါက စနစ်တွေကို ဖြိုချဖျက်ဆီးသူတွေ ဦးတည်ကြတဲ့ ကွန်မြူနစ်ပြန်လည်အသက်သွင်းခြင်းပဲ။
ငါတို့ရဲ့ ရဲဘော် အယ်လ်ဖရက်ဒို အမ် ဘိုနမ်နို (Alfredo M. Bonanno) ပြောခဲ့တာ ချက်ကျလက်ကျပဲ။
ရဲဘော်တို့ မြန်မြန်ဆန်ဆန်လုပ်ကြ၊ ရဲတွေ၊ တရားသူကြီးတွေ၊ သူဌေးတွေကို သေနတ်နဲ့ ပစ်၊။ ရဲအသစ်က မင်းတို့ကို မပိတ်ပင်ခင် အခုလုပ်ကြ။
မြန်မြန်ဆန်ဆန် ငြင်းဆိုကြ၊ ဖိနှပ်မှုအသစ်တွေက ငြင်းဆိုတာက အဓိပ္ပါယ်မရှိဘူး၊ ရူးနှမ်းတယ်၊ စိတ်ရောဂါဆေးရုံတွေဆီကိုသာ သွားသင့်တယ်လို့ ငါတို့ကို မဖြောင်းဖြခင်။
အရင်းအမြစ်ဆိုတာကို အတွေးအခေါ် အယူအဆအသစ်တစ်ခုက စင်ပေါ်တင်မရှိခိုးခင် မြန်မြန်ဆန်ဆန် တိုက်ခိုက်ကြ။
ဆရာကြီး သဘာကြီးတစ်ယောက်ကနေ “အလုပ်လုပ်မှ လွတ်လပ်မယ်”လို့ မပြောခင် အလုပ်ဆိုတာကို မြန်မြန်ဆန်ဆန် ငြင်းဆိုကြ။
ဆော့ကစားကြဖို့ မြန်မြန်ဆန်ဆန်လုပ်ကြ။ မင်းတို့ ကိုယ်ကို လက်နက်တပ်ဆင်ဖို့ မြန်မြန်ဆန်ဆန် လုပ်ကြ။
(လက်နက်တပ်ဆင်ထားသော ပျော်ရွှင်မှု/ Armed Joy)
ဘာသာပြန်မှတ်ချက်များ
၁။ စနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရား (abolitionism) သည် ထိန်းချုပ်ချုပ်နှောင်မှုသဘောတရား (carcerality) ကို အဓိကထားတိုက်ခိုက်လိုသော အတွေးအခေါ်အယူအဆနှင့် အလေ့အကျင့်တစ်ခု ဖြစ်သည်။ ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားဟုဆိုရာတွင် ထောင်နှင့် ရဲစနစ်သည် နိူင်ငံတစ်နိူင်ငံမှ အသုံးပြုသော ကွက်ကွက်ကွင်းကွင်း မြင်နိူင်သော ထိန်းချုပ်ချုပ်နှောင်မှု စနစ်များ ဖြစ်သည်။ မူရင်းစာရေးသူသည် ရာဒီကယ်ဆန်သော ကွန်မြူနစ်၊ ဖီမီနင့် အစရှိသည့် လှုပ်ရှားမှုတွင်ပင် ထိန်းချုပ်ချုပ်နှောင်မှုများကို ပြန်လည် မွေးမြူအသုံးချနေသေးဆဲဖြစ်ကြောင်း ဆောင်းပါး ပထမပိုင်းတွင် တင်ပြထားသည်။ အထူးသဖြင့် အရင်းရှင်စနစ် လူတန်းစား၊ လူမျိုး ခွဲခြားခြင်းတွင် ထိန်းချုပ်ချုပ်နှောင်မှုသည် အရေးပါသော ယန္တရားတစ်ခု ဖြစ်နေသည်ကို မူရင်းစာရေးသူက ထောက်ပြထားသည်။ မည်သို့သော လူမျိုးကို ထိန်းချုပ်ချုပ်နှောင်ခြင်းအားဖြင့် လူတန်းစားတစ်ခု သတ်မှတ်လိုက်ကြသနည်း။ ဤနေရာတွင် ဆက်စပ်ဆင်ခြင်မိသည်က လူတန်းစားဟုဆိုရာတွင် လူသားများသည် မွေးကတည်းက လူတန်းစားတစ်ခုကို ပိုင်ဆိုင်သွားသည်မဟုတ်ဘဲ ထိန်းချုပ်ချုပ်နှောင်မှုများအရ လူတန်းစားဆိုသည်ကို ထပ်ခါထပ်ခါ ဆက်လက်သတ်မှတ်ပြုကျင့်ခံရပြီးနောက် လူတစ်ယောက်သည် ထိုလူတန်းစားနှင့် ဆက်စပ်ပတ်သက်သွားခြင်း ဖြစ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ဥပမာ – လူမည်းတိုင်း ဆင်းရဲမွဲတေသည်လား။ စနစ်၏ ဖိနှိပ်မှုအောက်မှ မလွတ်မြောက်နိူင်သောကြောင့် ဆင်းရဲမွဲတေရာမှ ခိုးယူစားသောက်ရသည့်ဘဝကို ရောက်သည်။ ထိုမှတဆင့် ထောင်၊ရဲစနစ်မှတဆင့် ထိန်းချုပ်ချုပ်နှောင်ခံရသည်။ ထောင်ကျဖူးသည့် သမိုင်းရှိသောကြောင့် ထိုသူသည် ထောင်က ထွက်ပြီးလျှင်တောင်မှ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်၍ ရချင်မှရမည်။ ဤနည်း၄င်းဖြင့် လူတစ်ယောက်သည် ထိန်းချုပ်ချုပ်နှောင်မှုမှတဆင့် လူတန်းစား ပြုကျင့်ခံရသည်။ ထိုကြောင့် လူတန်းစားခွဲခြားဆက်ဆံခြင်းအကြောင်းကို ပြောလျှင် စနစ်များကို ဖြိုချဖျက်ဆီးခြင်းအကြောင်း မပြော၍မရပေ။
၂။ မူရင်းစာရေးသူသည် မိမိကို ဖိနှိပ်ထားမှုများကို ချေပတိုက်ခိုက်ရာတွင် မိမိကလည်း ထိုသို့သော ဖိနှိပ်မှုများထဲက ထိန်းချုပ်ချုပ်နှောင်မှုပုံစံများကို ပြန်အသုံးချရမည်ဆိုသည့် စိတ်ဆန္ဒကို သမိုင်းကြောင်းအလျောက် ကွန်မြူနစ်အမည်ခံ နိူင်ငံများ၊ ပုန်ကန်ထကြွမှုများကို ဥပမာပေးပြီး ဝေဖန်ထားသည်။ ထိန်းချုပ်ချုပ်နှောင်မှုများကို ဘာကြောင့် ရာဒီကယ်များကပါ ကြိုက်နှစ်သက်နေကြသလဲဆိုသည့် မေးခွန်းကို ကျွန်မ စိတ်ဝင်စားမိသည်။ ထိုဆန္ဒသည် လူ့သဘောပေပဲလား။ စနစ်များကို ဖြိုချဖျက်ဆီးခြင်းဆိုသည် လက်ရှိ တည်ရှိနေသော ကျွန်မတို့ ပတ်ဝန်းကျင်မှ “သဘာဝ”ဆိုသည်များကို (အထူးသဖြင့် ဖိနှိပ်မှုနှင့် တရားမမျှတမှုများ) ကို ဆန်းစစ်စေပြီး ကမ္ဘာအသစ်တစ်ခုကို တည်ဆောက်စေလိုခြင်း ဖြစ်သည်။ သို့သော်လည်း ဘာအတွက်ကြောင့် ရာဒီကယ်များသည်ပင် ထိုသံသရာထဲမှ မထွက်နိူင်သေးသနည်း။ မူရင်းစာရေးသူ၏ အပိုင်း(၁)မှ အာဘော်သည် ဘရာဇီးလီးယန်း တွေးခေါ်ပညာရှင် ပါလို ဖရီယာ (Paulo Friere) ၏ ဖိနှိပ်ခံများ၏ သင်ကြားနည်း (Pedagogy of the Oppressed) စာအုပ်မှ အာဘော်ကိုလည်း ပြန်အောက်မေ့ရစေသည်။ ကျွန်မကိုယ်တိုင်လည်း အခြားသော ရာဒီကယ်ဟု မိမိကိုယ်ကို ခံယူထားသောသူများနှင့် စနစ်ကို ဖြိုချဖျက်ဆီးခြင်းအကြောင်းဆွေးနွေးရာတွင် ၄င်းတို့က ဤသဘောတရားသည် လက်တွေ့မကျ၊ စိတ်ကူးယဥ်ဆန်သည်ဟု ပြန်လည်ချေပလေ့ ရှိသည်ကို တွေ့ကြုံခဲ့ရသည်။ လက်တွေ့ကျကျတန်ပြန်တိုက်ခိုက်မှုများသည်လည်း ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားများကို ပြန်မွေးမြူနေကြသေးသည် မဟုတ်လော။ ဤနေရာတွင် လက်တွေ့ကျခြင်းနှင့် စိတ်ကူးယဥ်ဆန်ခြင်းဒွိဟတွင် ဖိုသဘောတရားများ မည်မျှပါဝင်နေသေးသနည်း စဥ်းစားစရာ ဖြစ်လာသည်။ (အမှန်တွင် ဤနှစ်ခုသည် ဒွိဟ ဖြစ်ချင်မှလည်း ဖြစ်မည်။ လက်တွေ့ကျခြင်းတွင် စိတ်ကူးယဥ်ခြင်းများ ပါကောင်းပါနေနိူင်သကဲ့သို့ စိတ်ကူးယဥ်ခြင်းတွင်လည်း လက်တွေ့ကျခြင်းများ ပါကောင်းပါနေနိူင်သည်။)
၃။ ရာဒီကယ်ကို အစွန်းရောက်ဟု အများဘာသာပြန်ကြလေ့ရှိသည်ကို သတိမူမိသော်လည်း အစွန်းရောက်ဆိုသော စကားလုံးသည် မြန်မာစကားတွင် မကောင်းသော သဘောကို ဆောင်သောကြောင့် ဤဘာသာပြန်တွင် ရာဒီကယ်ကို ရာဒီကယ်ဟု မြန်မာအသံထွက်အရသာ ဘာသာပြန်ထားသည်။ စကားလုံးကို မြန်မာမှုပြု၍ရသော်လည်း ရံဖန်ရံခါတွင် မိခင်ဘာသာစကားတွင် မူရင်းကတည်းက ကပ်ညှိနေသော အဓိပ္ပါယ်များသည် မူရင်းစာရေးသူ၏ ဆိုလိုရင်းကို ပျက်ပြယ်စေနိူင်သည်။ ရာဒီကယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် အစွန်းရောက်ခြင်း မရောက်ခြင်းဆိုသည်ထက် ပိုမိုနက်နဲသော သဘောတရားများကို ဖော်ဆောင်နေသည်။ မေရီယန် ဝက်ဘ်စတာ အဘိဓာန်တွင် ရာဒီကယ်ဆိုသည့် အဓိပ္ပါယ်ကို “လက်ရှိရှိနေပြီးသား ဖြစ်သော အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်များ၊ အခြေအနေများကို မြေလှန်ပြောင်းလဲခြင်း” ဟု ဆိုထားသည်။ လူမည်း စနစ်များကို ဖြိုချဖျက်ဆီးသူနှင့် ကိုလိုနီစနစ်ကို ချွတ်ချသူ ဖီမီနင့် တက်ကြွလှုပ်ရှားသူနှင့် ပညာရှင် အန်ဂျလာ ဒေးဗစ် (Angela Davis) သည် “ရာဒီကယ်ဆိုသည်မှာ အမြစ်ဖြတ်ခြင်း ဖြစ်သည်” (Radical simply means grasping things by the roots) ဟု ဆိုခဲ့သည်။ ဤသဘောတရားများကို ချိန်ဆခြင်းဖြင့် ရာဒီကယ်ကို အစွန်းရောက်ဟု မြန်မာဘာသာပြန်ရာတွင် မပြည့်ဝသည်ကို တွေ့နိူင်သည်။
၄။ အပိုင်း(၂) တွင် စာရေးသူသည် စနစ်များကို ဖြိုချဖျက်ဆီးခြင်းနှင့် ပတ်သက်ပြီး ထိန်းချုပ်ချုပ်နှောင်မှုသဘောတရားများကို လက်ကိုင်ထားဆဲဖြစ်သော ကွန်မြူနစ်များကို ဦးတည်ရေးထားသည်ဟု ကျွန်မ ခံစားမိသည်။ စာရေးသူသည် စနစ်များကို ဖြိုချဖျက်ဆီးခြင်းနှင့် ကွန်မြူနစ်ဝါဒီသည် အခြေခံသဘောတရားအရ တူညီနေသောကြောင့် စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒီဟု နာမဝိသေသနတပ်ခေါ်စရာအကြောင်းမရှိဟု ပြတ်ပြတ်သားသား ဆိုထားသည်။ ၄င်းတို့၏ တူညီနေသော အခြေခံအချက်ကား အောက်ခြေလူတန်းစားပြုခြင်းကို ပုန်ကုန်ခြင်းဟု စာရေးသူ့အာဘော်တွင် တွေ့ရသည်။ ကွန်မြူနစ်များအတွက်က အရင်းရှင်စနစ်လက်အောက်မှတဆင့် အောက်ခြေလူတန်းစားဖိနှိပ်မှုအခြေအနေကို တိုက်ခိုက်နေသကဲ့သို့ ထိန်းချုပ်ချုပ်နှောင်မှုများကို ဆန့်ကျင့်သောသူများအတွက်သည်လည်း ထောင်စနစ်မှတဆင့် ဖိနှိပ်မှုလူတန်းစားပြုကျင့်ခြင်းကို ပုန်ကန်နေသည်။ ဤနေရာတွင် ပထမ အောက်ခြေလူတန်းစားပြုမှုနှင့် ဒုတိယအောက်ခြေလူတန်းစားပြုမှုသည် လုံးဝဥဿုံ ကင်းကွာနေသည်မဟုတ်ဟု ကျွန်မ ဆင်ခြင်မိသည်။ အရင်းရှင်စနစ်အရ လက်လုပ်လုပ်စား အောက်ခြေလူတန်းစားများသည် များသောအားဖြင့် ပြစ်မှုကျူးလွန်သူများ၊ ထောင်ကျလွယ်သူများအဖြစ် အများအမြင်မှာ လက်ခံထားကြသလို ၄င်းတို့သည် ထိန်းချုပ်ချုပ်နှောင်ခံရသောကြောင့် ၄င်းတို့၏ အောက်ခြေလူတန်းစားဘဝမှ လွတ်မြောက်ရန် ခက်ခဲနေကာ မုန့်လုံးစက္ကူကပ်ဘဝတွင် သံသရာလည်နေကြသည်။
၅။ အပိုင်း (၂) တွင် စာရေးသူသည် ထိန်းချုပ်ချုပ်နှောင်မှုများကို အားပေးသော ဖီမီနင့်ဝါဒကိုလည်း ထောက်ပြသွားသည်။ မိန်းမများအပေါ် ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ထောင်နှင့် ရဲစနစ်ကိုသာ အသုံးချပြီး ဖြေရှင်းရန် ကြိုးစားသော ဖီမီနင့်ဇင်မျိုးသည် လူတန်းစားဖိနှိပ်မှုများနှင့် မည်သို့မည်ပုံ ချိတ်ဆက်နေသေးသနည်း။ စနစ်များကို ဖြိုချဖျက်ဆီးသော ကွန်မြူနစ်ဝါဒဟု ခေါ်သည်မှာ အဓိပ္ပါယ်ထပ်နေသေးသည်ဆိုပါက ဘာကြောင့် စနစ်များကို ဖြိုချဖျက်ဆီးသော ဖီမီနင့်ဝါဒဟု သီးသန့်အမည်တပ်ရန် လိုနေသနည်း။ ဖီမီနင့်ဇင်သည် နဂိုမူရင်းကတည်းက လူတန်းစားပြဿနာကို ထည့်သွင်း မစဥ်းစားသောကြောင့်ဟု ကျွန်မ စဥ်းစားမိသည်။ အနောက်တိုင်းထုတ် ဖီမီနင့်ဇင်ကို ကြည့်လျှင် ဤအချက်သည် ကွက်ကွက်ကွင်းကွင်း မြင်ရနိူင်သည်။ ဥပမာ – လူဖြူ သခင်မိန်းမများသည် ၄င်းတို့၏ ဂျန်ဒါဖြစ်တည်မှုကို ဗန်းပြပြီး လူမည်းယောင်္ကျားများသည် ၄င်းတို့အား မုဒိန်းကျင့်ပါသည်၊ အနိူင်ကျင့်ပါသည်ဆိုပြီး ကျွန်ပြုရုံသာမက ထပ်မံထိန်းချုပ်ချုပ်နှောင်သည့် သာဓကများ ရှိခဲ့သည်။ ထိုသို့ဆိုလျှင် လက်ရှိ ကျွန်မတို့ မြန်မာနိူင်ငံတွင်း၌ ထွန်းကားလာသော ဖီမီနင့်ဇင်များသည် ထိန်းချုပ်ချုပ်နှောင်မှုများအပေါ် မည်မျှအားကိုးနေသေးသနည်း။ ဤနေရာတွင် ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးသော ဖီမီနင့်ဇင်ဟု ဆိုရာတွင် မိန်းမများကသာ ကျင့်သုံးနေသော ထိန်းချုပ်ချုပ်နှောင်မှုကို အားပေးသော ဖီမီနင့်ဇင်သာမက ဖီမီနင့်ဟု မိမိကိုယ်ကို ယူဆသောသူများအားလုံး၏ ဖီမီနင့်ကျင့်ဝတ်ကို ကျွန်မ မေးခွန်းထုတ်ကြည့်ခြင်းဖြစ်သည်။
မြောက်အမေရိကတိုက် အခြေစိုက် စနစ်များကို ဖြိုချဖျက်ဆီးသော Incite! အဖွဲ့၏ ၂၀၀၁ ခုနှစ်ထုတ် ထုတ်ပြန်ချက်တွင်လည်း ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို ထောင်၊ ရဲစနစ်နှင့် ထိန်းချုပ် အပြစ်ပေးခြင်းသည် အရာရောက်သည်ဟု အများထင်ကြလေ့ရှိသော်လည်း တကယ်တမ်းတွင် အင်အားကြီးသူများက လွတ်မြောက်သွားဆဲ ဖြစ်သည်ဟု ထောက်ပြထားသည်။ ဥပမာ – ပိုက်ဆံရှိသူသည် မုဒိန်းမှုကို ကျူးလွန်သည်ဆိုပါက လာဘ်ပေးကာ အမှုမှ ကွင်းလုံးကျွတ်နိူင်သည်။ ဤသို့ဆိုလျှင် ကျွန်မတို့ ဘာကြောင့် ထိန်းချုပ်ချုပ်နှောင်မှု စနစ်များအပေါ် ဆက်လက် မှီခိုနေကြသေးသနည်း။ ဘာကြောင့် အပြစ်ပေး ထောင်ချမှသာလျှင် တရားမျှတမည်ဟု ထင်နေကြသေးသနည်း။ ထောင်ချလိုက်ခြင်းအားခြင့် တကယ်တမ်း ပြစ်မှုကျူးလွန်ခံရသူအပေါ် ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်သာရာ ရသွားစေသည်ဆိုသည်မှာ ဟုတ်ပါသလား?
၆။ ထိန်းချုပ်ချုပ်နှောင်မှုများကနေ ဆန့်ကျင့်သော အပြစ်ပေးမှု အဖြေတစ်ခုအနေဖြင့် စာရေးသူသည် “လွတ်မြောက်ခွင့် ပေးလိုက်ခြင်း” (excarceration) ကို သရုပ်ဖော်သွားသည်။ မူရင်းစာတွင် ထိန်းချုပ်ချုပ်နှောင်မှုဟု ကျွန်မ ဘာသာပြန်ထားသော အင်္ဂလိပ်စာလုံး Incarceration (in – အတွင်း/ carceration – ချုပ်နှောင်ခြင်း) ကို စာရေးသူက အသစ်တီထွင်ကာ Excarceration (Ex – အပြင်/ carceration – ချုပ်နှောင်ခြင်း) ဟု မိတ်ဆက်သွားသည်။ အပြင်တွင် ထိန်းချုပ်ချုပ်နှောင်ခြင်းသည် လွတ်မြောက်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။ သို့ပေသိ ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် ပေးမည့်အစား ရပ်ရွာပတ်ဝန်းကျင်က တာဝန်ယူမှုနှင့် အပြောင်းအလဲကို တကယ် ဖြစ်စေသော တရားမျှတမှုမျိုးကို ကျင့်သုံးရန် စာရေးသူက တိုက်တွန်းထားသည်။ အပြောင်းအလဲကို တကယ် ဖြစ်စေသော တရားမျှတမှုဆိုသည်ကို ကျွန်မ သဘောပေါက်ရသရွေ့ ပြစ်မှုကျူးလွန်သူရော ပြစ်မှုကျုးလွန်ခံရသူအတွက်ပါ လူမှုအပြောင်းအလဲတစ်ခုကို ဖြစ်စေသော တရားစီရင်မှုဖြစ်သည်။ ဤအကြောင်းကို ဆက်လက်လေ့လာနေဆဲ ဖြစ်ပါသည်။ ရပ်ရွာပတ်ဝန်းကျင်က တာဝန်ယူမှုဆိုသည်မှာလည်း ပြစ်မှုမြောက်ပြီးမှ မည်သို့ အပြစ်ပေးမလဲဆိုသည်ထက် ပြစ်မှုမမြောက်ခင်ကတည်းက မည်သို့သော ရပ်ရွာပတ်ဝန်းကျင်တစ်ခုကို အတူတကွတည်ဆောက်မလဲဆိုသည်ကိုပါ စဥ်းစားရမည်ဟု ကျွန်မ ဖြည့်စွက် တွေးမိသည်။
၇။ အပိုင်း (၃)တွင် အဓိကကျသော အချက်သည် ဖိနှိပ်မှုစနစ်များဆီမှ လွတ်မြောက်ရန် စစ်မှန်သော တော်လှန်ရေးဆိုသည်မှာ လူတန်းစားပြုခံထားရသောသူများ (အထူးသဖြင့် အောက်ခြေလုပ်သားအနေနှင့် ပြုကျင့်ခံထားရသောလူတန်းစားများ)က ၄င်းတို့ကို လူတန်းစားပြုကျင့်ထားခြင်းကို မိမိကိုယ်ကို သဘောပေါက်ပြီး တန်ပြန်တိုက်ခိုက်ပြီး ၄င်းတို့ကို ဖိနှိပ်ထားသော၊ လူတန်းစားပြုကျင့်ထားသော စနစ်များကို ဖြိုချဖျက်ဆီးမှသာလျှင် စစ်မှန်သော တော်လှန်ရေးအောင်မြင်မည်၊ မြောက်မည်ဆိုသော အချက်ပင် ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်ပြီး ကျွန်မ ထပ်ဆင်ခြင်မိသည်မှာ လူ့အဖွဲ့အစည်းများတွင် လူတန်းစားဆိုသော အချက်ကို ဆန်းစစ်မှုမရှိဘဲ ဒီအတိုင်းသာ ယူဆထားကြခြင်းသည် ပြဿနာ၏ အရင်းခံဖြစ်နေသည် ဆိုသည်ပင်။ ဥပမာ – ကျွန်မတို့ မြန်မာနိူင်ငံ ရိုးရာဓလေ့ ဘာသာရေး ကိုးကွယ်မှုများအရ ကျွန်မတို့သည် ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေထိုင်ရပါက မိမိ၏ အတိတ်ကံမကောင်း၍ဆိုပြီး ကံကို ပုံချကာ လက်ရှိဘဝတွင် မိမိကို ဆင်းရဲသား၊ အလုပ်သမားလူတန်းစားပြုကျင့်ထားသော စနစ်များကို သေချာမမြင်နိူင်ကြပေ။ ထိုကဲ့သို့ ပြဿနာဇစ်မြစ်ကို သေချာမမြင်အောင် ဖုံးကွယ်ထားသော ရိုးရာဓလေ့စနစ်များသည်လည်း ရဲနှင့် ထောင်ကဲ့သို့သော ကျွန်မတို့ကို ခန္ဓာကိုယ်နှင့် ထိန်းချုပ်မထားသော်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ထိန်းချုပ်ထားသော စနစ်များပင်သည်လား ကျွန်မ မေးခွန်းထုတ်မိသည်။
ထို့အပြင် မိမိကို ဖိနှိပ်ထားသော စနစ်များကို အနည်းအကျဥ်းသတိထားမိလာသော လူတန်းစား (ဥပမာ – စာရေးသူအာဘော်အရ ဖိလစ်ပိုင် ကွန်မြူနစ်ပါတီဝင်များနှင့် အခြားသော တက်ကြွလှုပ်ရှားသူများ) သည်လည်း ၄င်းတို့ကို လေဘယ်တပ်ထားသော ဖြစ်တည်မှုလေဘယ်များကို ဖြိုချဖျက်ဆီးရန် ကြိုးစားရမည့်အစား ထိုလေဘယ်များအပေါ်ကိုသာ လိုက်ပြီး ရုန်းကန်မှု၊ တော်လှန်မှု ခေါင်းစဥ်တပ်နေကြခြင်းပင်။ ဥပမာ – မိန်းမဖြစ်တည်မှုလေဘယ်နှင့် မွေးဖွားလာသောလူတစ်ယောက်အနေနှင့် ၄င်းကို ဖိနှိပ်ထားသော၊ ချုပ်နှောင်ထားသော မိန်းမဖြစ်ခြင်းလေဘယ်မှ ၄င်းကို မိန်းမပြုကျင့်ထားသည် (making a woman) ကို သတိမူမိရမည့်အစား ဤမိန်းမဖြစ်ခြင်းကို အရှိအတိုင်းသာ ယူလိုက်ခြင်းပင်ဖြစ်သည်။ ထို့အတူပင် အခြားသော လူမျိုး၊ ဂျန်ဒါအစရှိသော ဖြစ်တည်မှုလေဘယ်များကိုလည်း ကျွန်မတို့ ဤကဲ့သို့ စဥ်းစားကြည့်၍ ရမည်လား။ အမှန်တွင် မိန်းမဖြစ်ခြင်း၊ လူမည်းဖြစ်ခြင်း၊ မွတ်စလင်ဖြစ်ခြင်း အစရှိသော ဖြစ်တည်မှုလေဘယ်များသည် ကျွန်မအမြင်တွင် လူတန်းစားပြုကျင့်ခံရခြင်းများသာဖြစ်သည်။ မိန်းမဖြစ်ခြင်းဆိုသည်မှာ ဇီဝဗေဒါအရဟု ထင်ကောင်းထင်ကြသော်လည်း သားအိမ်ရှိသောသူကို မိန်းမအဖြစ် သတ်မှတ်လိုက်သည်မှာ ကနဦးတွင် ခြေခြေမြစ်မြစ်မရှိဘဲ ကြုံသလို ဆုံးဖြတ်ချက်ချလိုက်သော မိန်းမ လူတန်းစားတစ်ရပ်ကို တီထွင်ထားခြင်း ဖြစ်သည်။ အကယ်၍ ဂျန်ဒါများကို ဆုံးဖြတ်ချက်ချစဥ်ကနဦးကာလတွင် လိင်တံပါသော ခန္ဓာကို မိန်းမဟု ခေါ်ဝေါ်ခဲ့ပါက ဤအချိန်တွင် မိန်းမဆိုသည်မှာ လိင်တံပါသူ ဖြစ်ကောင်းဖြစ်နေနိူင်သည်။ လူမျိုးဆိုသည်မှာလည်း ထို့အတူပင်။ ထိုလေဘယ်များကြောင့် စနစ်တကျ ဖိနှိပ်မှုများရှိနေသည်မှာ မှန်သော်လည်း ထိုစနစ်များကိုသာ အမှန်တကယ် ဖြိုချဖျက်ဆီးချင်ပါက စနစ်များက တီထွင်ထားသော လေဘယ်များထက် ကျော်လွန်ပြီး ကျွန်မတို့ကိုယ် ကျွန်မ မြင်ယောင်တတ်ရန် အရေးကြီးသည်။
ဤကဲ့သို့ စဥ်းစားကြည့်ပါက ထိုကဲ့သို့ ဖြစ်တည်မှုလေဘယ်များအတွက်သာ တိုက်ခိုက်နေကြသော တော်လှန်ရေးဆိုသည်မှာ စာရေးသူထောက်ပြထားသကဲ့သို့ မိမိကိုယ်ကို လူတန်းစားပြုကျင့်ခံထားရခြင်းကို လက်ဆုပ်လက်ကိုင် မထိမိနေသော၊ မုန့်လုံးစက္ကူသာကပ်နေသော တော်လှန်ရေး၊ တက်ကြွလှုပ်ရှားရေးတစ်ခုအနေနဲ့သာ ရပ်တန့်နေပေလိမ့်မည်။ ထိုကဲ့သို့ ရပ်တန့်နေပါက မည်ကဲ့သို့ ရာဒီကယ်ဖြစ်ပါသည် ခေါင်းစဥ်တပ်ထားသော တော်လှန်ရေးများသည် အမှန်တကယ် ရာဒီကယ် (အမြစ်ဖြတ် မြေလှန်) ဖြစ်နေမှာ မဟုတ်သည်ကို ကျွန်မ ဆင်ခြင်မိသည်။
Ma Chinthe ( မခြင်္သေ့ )
Please note: FORSEA promotes diverse ideas and viewpoints. However, the opinions above do not necessarily reflect FORSEA Board as a whole.