၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အာဆီယံ၏အလှည့်ကျသဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံမှ စတင်တာဝန်ယူခဲ့ပြီဖြစ်ပြီး ပထမဦးဆုံးအာဆီယံဝန်ကြီးများအစည်းအဝေးကို ဖေဖေါ်ဝါရီလတွင် ကျင်းပတော့မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင်းတွင်လည်း မြန်မာအာဏာသိမ်းစစ်တပ်မှ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းမှုများကို ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်သည့်အပေါ် မြန်မာ့အရေးဆွေးနွေးရန်သည် အဆိုပါအစည်းအဝေး၏ အစီအစဉ်တစ်ခုအဖြစ်မလွှဲမသေပါဝင်လာနိုင်ဖွယ်ရှိသည်။

ဗမာမဟုတ်သောတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တော်လှန်နေကြသော အရပ်သားပြည်သူမျာနှင့်တော်လှန်နေကြသည့် အခြားအဖွဲ့အစည်း အများစု ကို ကြိုဆိုလက်ခံထားပြီး ပြည်သူ့ကာကွယ်ရေးနှင့်အာဏာရှင်တော်လှန်ရေးအတွက် လိုအပ်သည့် အကူအညီအဝဝကို ပေးနေခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် အာဏာသိမ်းအပြီး ကတည်းက ပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့အရေးကို ဖြေရှင်းအဖြေရှာရန်တွက် မြေပြင်ပကတိအနေအထား အစုံအလင်ကို အာဆီယံအဖွဲ့မှတာဝန်ရှိသူများဂဃနဏနားလည်ရန်လိုအပ်သည်ဟု တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များကယုံကြည်သည်။

Emblem of the Karen National Union

Flag of the Karenni National Progressive Party (KNPP)

Emblem of the Chin National Front.

အမှန်စင်စစ် မြေပြင်အနေအထားနှင့် မြေပြင်ရှိတိုက်ရိုက်သက်ဆိုင်သူများ၏အမြင်နှင့် သုံးသပ်ချက် များသည် ကာလကြာမြင့်နေပြီဖြစ်သော မြန်မာ့ပြည်တွင်းစစ်နှင့်နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းအဖြေရှာမည့် အာဆီယံ၏ဦးဆောင်မှုအားလုံးအတွက် အလွန်ပင် အရေးကြီးလှပါသည်။

အာဆီယံကဲ့သို့ဒေသတွင်းအစုအဖွဲ့အတွက် အထူးသဖြင့် စိမ်ခေါ်မှုဖြစ်စေသော မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေး ရေတို၊ရေလတ်၊ရေရှည်စဉ်းစားနိုင်ရေးအတွက်ရည်ရွယ်ပြီး  အဖွဲခေါင်းဆောင်များ အနေဖြင့် မိမိတို့၏သုံးသပ်ချက်များပေါ်အခြေခံပြီး အဓိကအချက် (၃) ချက်ကို တင်ပြလိုပါသည်။

ပထမအချက်အနေဖြင့် အာဏာသိမ်းစစ်တပ်မှ မကြာမီကျင်းပရန်ရည်ရွယ်နေသည့် ရွေးကောက်ပွဲကို ပြည်သူ အများစုက ပြင်းပြင်းထန်ထန်ကန့်ကွက်နေသည့်အပြင် အကယ်၍ စစ်တပ်မှ ပြည်သူများ ငြင်းဆန် သော ရွေးကောက်ပွဲကို အတင်းအကျပ်ပြုလုပ်မည်ဆိုပါက လုံးဝကန့်ကွက်သူများနှင့် အကြမ်းဖက် နှိမ်နင်းမှုများဖြင့် ၅၅ သန်းသောပြည်သူများအနေဖြင့် ပဋိပက္ခဝဲဂယက်တွင် ဆက်လက် ပိတ်မိနေဦး မည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဆက်လက်အရှိန်အဟုန်ပြင်းထန်လာနေသော ပြည်တွင်းအကြမ်းဖက်မှု ပဋိပက္ခများအားလုံးကို ချက်ခြင်းရပ်တန့်ခြင်းမပြုနိုင်ပါက မြန်မာနိုင်ငံအနေဖြင့် ဗမာမဟုတ်သော တိုင်းရင်းသားဒေသဌာနေများအပါအဝင် ဖြေးဖြေးစီ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားနိုင်ဖွယ် ရှိနေခြင်း ဖြစ်သည်။

တတိယအချက်အနေဖြင့် လူမျိုး၊ယဉ်ကျေးမှု၊ ဘာသာစကားစာပေနှင့် ကိုးကွယ်ယုံကြည်မှုများ စုံလင်ကွဲပြားသည့် ပဋိပက္ခလွန်မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရာတွင်လည်း နိုင်သူအကုန်ယူ စနစ်ဖြစ်သော သာမန်ဒီမိုကရေနှင့် အဆင်ပြေမည်မဟုတ်ပဲ ဖက်ဒရယ်ဒီမိုကရေစီကို မဖြစ်မနေ တည် ဆောက်နိုင်မှသာ ပဋိပက္ခကိုရေရှည်ကျော်လွှားနိုင်မည်ဖြစ်သည်။

၂၀၂၃ မြန်မာ့အရေးကို အစပြုကိုင်တွယ်ရာတွင် လာမည့်ဂျာကာတာအစည်းအဝေးသည် အချိန်အားဖြင့် အလွန်ကောင်းမွန်သော အခွင့်အလမ်းနှင့် တိုက်ဆိုင်မှုတစ်ခုဖြစ်နေသည်။ မကြာသေးမီအချိန်က ကုလ  သမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်ပြီးထုတ်ပြန်ချက်တွင် အရှေ့တောင် အာရှနိုင်ငံ တစ်ခုဖြစ်သည့်မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာပဋိပက္ခနွံထဲနစ်နေစေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းတောင်းဆိုခဲ့ရာတွင် ထောက်ခံမဲ ၁၂ မဲ၊ ပထမဦးဆုံး အကြိမ် တရုတ်၊ ရုရှနှင့် အိန္ဒိယနိုင်ငံများမှ ကန့်ကွက်ခြင်းမပြု၊ မဲမပေးပဲ ထုတ်ပြန်ခဲ့သည်။ ယင်းထုတ် ပြန်ချက်သည်စည်းနှောင်မှုမရှိသော်လည်း အာဆီယံအသင်းအဖွဲ့၏ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများအဆုံးသတ်ရေးအတွက် အရေးပါသော အသင်းအဖွဲ့ယန္တရားတစ်ခုအဖြင့် ထည့်သွင်း အသိအမှတ်ပြုထားသည်။

သာ၍အရေးကြီးသည်မှာ လုံခြုံရေးကောင်စီ၏ထုတ်ပြန်ချက်သည် ခရစ္စမတ်မတိုင်မီ အမေရိကန်မှ အတည်ပြုလိုက်သော ကာကွယ်ရေးဆိုင်ရာပြဌာန်းချက်ဥပဒေ နှင့် မရှေးမနှောင်းထွက်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေတွင် လူသားချင်းထောက်ထားမှုအကူအညီအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒေသ ကာကွယ်ရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီပေါ်ထွန်းရေးအတွက်လုပ်ဆောင်နေကြသော အခြား အရပ်သားအဖွဲ့အစည်းများအတွက် သေစေနိုင်သော လက်နက်မဟုတ်သည့် ပံ့ပိုးမှုများကို ဒေါ်လာသန်း ၂၅၀ ပေးသွားရန် ပါရှိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း ရုရှနှင့်တရုတ်နိုင်ငံများအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်ထွက်ရန်ကြိုးပမ်းခဲ့တိုင်း ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည် ချည်းဖြစ်သည်။ (ဇန်နဝါရီလ ၂၀၀၇ ခုနှစ်တွင်တစ်ကြိမ်၊ ဧပြီလ ၂၀၂၂ ခုနှစ်တွင်တစ်ကြိမ်)

ယခု တစ်ကြိမ် အာဆီယံ၏ အရေးပါမှုနှင့်ဦးဆောင်မှုကို ထည့်သွင်းအသိအမှတ်ပြုထားသည့် လုံခြုံရေးကောင်စီ၏ထုတ်ပြန်ချက်ကို ရုရှနှင့်တရုတ်နိုင်ငံများမှကန့်ကွက်မဲမပေးပဲနေခြင်းသည် အတိတ်တွင်မရှိခဲ့ဖူးသည့်အခင်းအကျင်းသစ်ဖြစ်သည်။

အထက်ပါသုံးသပ်ချက်ရှုထောင့်အပြင် တစ်ဖက်တွင်လည်း သမတဂျိုကိုဝီဒိုဒို၏ G20 အုပ်စု၏ ခေါင်း ဆောင်အဖြစ် သာ၍ထင်ရှားလာသောဦးဆောင်မှုသည် သမတပူတင်နှင့် သမတရှီတို့အကြား ညီအစ်ကို သဖွယ်ရင်းနှီးမှုကိုလည်းတည်ဆောက်ထားနိုင်သူဖြစ်သည်။ ၎င်း၏ပါဝင်ကူညီဦးဆောင်မှုဖြင့် G20 အဖွဲ့၏ဦးဆောင်မှုတစ်ခုလုံးကို မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပိုမိုခိုင်မာ၍ဂုဏ်သိက္ခာရှိသော မူရပ် တည်ချက်ကိုရွေးချယ်ရန် စည်းရုံးနိုင်သည်။ အထူးသဖြင့် လှေဖြင့်အသက်လုထွက်ပြေးနေကြရသော ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုများကို ရှောင်တိမ်းပြေးပုန်းနေကြ ရသည့် အခြားဒုက္ခသည်များဖြစ်သည့် ကရင်၊ ကရင်နီနှင့် ဗမာပြည်သူလူထုများအရေးသည် မြန်မာ နိုင်ငံပြင်ပ ဒေသတွင်းသို့ အရှိန်အဟုန်ဖြင့် ယိုဖိတ်စီးဆင်းနေသည့်စိမ်ခေါ်မှုများကို အာဆီယံ၏ ဦးဆောင်မှုဖြင့် ဖြေရှင်းနည်းလမ်းရှာအခွင့်အရေးတစ်ခုဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရိုဟင်ဂျာ၊ ဗမာ၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ချင်း စသည့် ပြည်သူလူထု များအရေးကိစ္စသည် မြန်မာနိုင်ငံတွင်းသာမက ဒေသတွင်းရှိနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယ အပြင် မလေးရှား၊ စင်္ကာပူ၊ သီရိလင်္ကာနှင့် အာချေး/အင်ဒိုနီးရှား စသည်တို့အတွက် တစ်ခါမှ မကြုံဖူးခဲ့သည့် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

မိမိတို့ခေါင်းဆောင်များ၏သုံးသပ်ချက်အပေါ်အခြေခံသည့် အရေးကြီးသည့်အချက် (၃) ချက်နှင့် ပတ်သက်၍ ထပ်လောင်းတင်ပြလိုပါသည် –

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်ခဲ့သော မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့တွင် အာဏာသိမ်းစစ် တပ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ၏လွတ်လပ်ရေးနေ့မိန့်ခွန်းထဲတွင် အကျဉ်းသား ၇၀၀၀ ဦးကို ပြန်လွှတ်ပေးသည့်သတင်းနှင့်အတူ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲသစ်ကျင်းပရေးကို ထည့်သွင်း ပြောကြားခဲ့သည်။

အာဏာရှင်များအနေဖြင့်ရွေးကောက်ပွဲကောက်ပွဲကိုအချိန်မရွေးလုပ်ဆောင်နိုင်သည်မှာမှန်သော်လည်း အခြေခံနိုင်ငံရေးပြဿနာများ၏အရင်းအမြစ်ကိုဖြေရှင်းရန်မရည်ရွယ်သည့်ရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာကြာနေပြီဖြစ်သောပဠိပက္ခများကို ပိုမိုရှည်လျားစေမည့်အပြင် အသစ်သော ပဠိပက္ခများကို ထပ်မံပေါ်ပေါက်စေလိမ့်မည်။ မြန်မာ့တပ်မတော်မှ စစ်တပ်အခန်းကဏ္ဍကို တစ်ခုတည်းသော တိုင်းပြည်၏အနာဂတ်ကိုအဆုံးအဖြတ်ပေးနိုင်သည့်မျိုးချစ်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အတွင်းအခိုင်အမာထည့်သွင်းပြဌာန်းခဲ့ခြင်းသည် အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်သည်။

လွန်ခဲ့သည့် နှစ် (၃၀) အတွင်း – ၁၉၉၀ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၂၀ ခုနှစ် တွင်တစ်ကြိမ် – မြန်မာနိုင်ငံတွင် စစ်တပ်မှအဓိကကြီးမှုးကျင်းပပေးခဲ့သော ရွေးကောက်ပွဲများသာ ဖြစ်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲများအားလုံးတွင် စစ်တပ်၏ကိုယ်ပွားနိုင်ငံရေးပါတီအများအပြား ဝင်ရောက်မွှေနှောက်ပါဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ရှုံးခဲ့သည့်ရွေးကောက်ပွဲတိုင်း၏နောက်ဆက်တွဲ အဖြစ် ရွေးကောက်ပွဲရလဒ်ကို လုံးဝအသိအမှတ်မပြုခြင်း (၁၉၉၀)၊ ၎င်းတို့ကိုယ်ပွားပါတီဝင် မဟုတ်သော ရွေးကောက်ခံကိုယ်စားလှယ်အများအပြားကိုဖမ်းဆီးထောင်ချခြင်းနှင့် နိုင်ငံတော်လုံခြုံရေးလုပ်ဇာတ်များထွင်က စစ်တပ်မှအာဏာသိမ်းယူခြင်း (၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ) တို့ကို လုပ်ဆောင်ခဲ့သည်ချည်းသာဖြစ်သည်။

၂၀၂၃ ခုနှစ်တွင်ရွေးကောက်ပွဲကျင်းပခြင်းသည် နိုင်ငံရေးပြဿနာအကျပ်အတည်းများ၏ အဖြေတစ်ခု မဟုတ်ပါ။ အဆိုပါရွေးကောက်ပွဲသည် ဒီမိုကရေစီကိုဖေါ်ဆောင်မည့် ရွေးကောက်ပွဲတစ်ခု ဟုလည်း မည်သူကမျှမယုံကြည်ပါ။ အကယ်၍ စစ်တပ်မှ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပြီး ၎င်းတို့သာ အနိုင်ရမည်ဆိုလျှင်လည်း လူမျိုးပေါင်းစုံပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသော အင်အားစုများက အဆိုပါရလဒ်ကို လက်ခံမည်မဟုတ်ပါ။ အဆုံးစွန်တိုက်ပွဲဝင်နေကြသော ပြည်သူများအနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြလိမ့်မည်သာ ဖြစ်သည်။ မြန်မာနိုင်ငံသည် လူမျိုး၊ဘာသာအခြေပြုပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်သော အခြေအနေသို့ရောက်ရှိသွားနိုင်သည်။ အကယ်၍ ရွေးကောက်ပွဲတွင် စစ်တပ်ကရှုံးနိမ့်ပါက ထပ်မံအာဏာသိမ်းယူခြင်း သို့မဟုတ် အနိုင်ရပါတီအားအာဏာအပ်နှင်းခြင်းမပြုပဲ အာဏာကို ဆက်လက်ကိုင်ထားခြင်းများဖြစ်လာနိုင်သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါဖြစ်နိုင်ချေအခင်းအကျင်းများ အားလုံးသည် ပိုမိုအားကောင်းသောတော်လှန်ခုခံမှုများနှင့် သာ၍ဆိုးသော မတည်ငြိမ်မှုများကိုသာ ဖြစ်ပေါ်လာစေလိမ့်မည်။

မြန်မာစစ်တပ်အနေဖြင့် ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် ၎င်းတို့ကိုယ်တိုင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခြင်းအားဖြင့် ပျက်ပြယ်စေခဲ့ပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို လိုအပ် နေခြင်းမှာ အဆိုပါဖွဲ့စည်းပုံသည် စစ်တပ်ကို နိုင်ငံရေးအခန်းကဏ္ဍတွင် အဆုံးမဲ့ဗီတိုအာဏာ ပေးထားသောကြောင့်ဖြစ်သည်။ တစ်ဖက်တွင် နိုင်ငံရေးမှစစ်တပ်များငြိမ်းချမ်းစွာနှင့် အောင်မြင်စွာ စနစ်တကျထွက်ခွါသည့်အစီအမံများကို အင်ဒိုနီးရှား၊ ချီလီနှင့်ဘရာဇီးလ်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင်တွေ့ရမည်ဖြစ်သည်။

မြန်မာစစ်တပ်မှအာဏာသိမ်းပြီး (၂) နှစ်အတွင်း နိုင်ငံတွင်း စစ်တပ်နှင့်ရဲလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်မှုများကို မြန်မာပြည်သူလူထုက မျက်ဝါးထင်ထင်ကြုံတွေ့နေခဲ့ရသည်။ ယနေ့မြန်မာပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာမှိုင်းမိခဲ့ရသော စစ်တပ်သည်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားမာျးကို ကာကွယ်နိုင်သည့်တစ်ခုတည်းသောအဖွဲ့အစည်းဆိုသည်ကို လုံးဝယုံကြည်လက်ခံနိုင်ခြင်းမရှိတော့ပေ။ နိုင်ငံရေးအခင်းအကျင်းများတွင်လည်း စစ်တပ်ကို ပါဝင်စေချင်သည့်ဆန္ဒလုံးဝမရှိကြတော့ပေ။ ပြည်သူများအနေဖြင့် စစ်တပ်လွှမ်းမိုးသော ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ကြပြီဖြစ်သည်။

အာဆီယံအဖွဲ့နှင့်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်မှရွေးကောက်ပွဲကျင်းပခြင်းသည် နိုင်ငံရေးပြဿနာများ၏အဖြေမဟုတ်ခြင်းနှင့် ပဠိပက္ခများကိုသာ အဓွန့်ရှည်စေခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ခေါင်းဆောင်မင်းအောင်လှိုုင်ကို ရှင်းလင်းပြတ်သားစွာပြောကြားရန် လိုအပ် နေသည်။ ထို့ပြင် ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေခြင်းကိုရပ်တန်းမှရပ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတော်လှန်နေကြသည့်သက်ဆိုင်ရာအစုအဖွဲ့များအားလုံးနှင့် ညှိနှိုုင်းနိုင်မည့်အခင်း အကျင်းကိုဖန်တီးရန်သာပြောကြားသင့်သည်။

ယနေ့မြန်မာနိုင်ငံ၏အနေအထားသည် တစ်စစီပြိုကွဲသွားနေသည့်အခင်းအကျင်းကိုဦးတည်နေသည်။ ဆက်တိုက်ဖြစ်ပွားနေသော ရိုဟင်ဂျာအပါအဝင်ဒုက္ခသည်များအရေးကိစ္စသည်လည်း ပင်လယ်နှင့် ကုန်းအပါအဝင်အရှေ့တောင်အာရှတခွင် ပြန့်နှံ့နေပြီဖြစ်ပြီး ဌာနေစွန့်ခွာပြေးရှောင်နေရသော ပြည်တွင်း ဒုက္ခသည်များအရေးသည်လည်း လက်နက်ကိုင်ပဠိပက္ခများနှင့်အတူတစ်စစ ကြီးထွားလာနေပြီ ဖြစ်သည်။

မင်းအောင်လှိုင်လက်အောက်ခံမြန်မာစစ်တပ်သည် ပြည်တွင်းနယ်မြေများကို ထိန်းချုပ်ထားနိုင်စွမ်း သိသိသာသာကျဆင်းနေပြီဖြစ်သည်။ ရန်ကုန်၊မန္တလေးကဲ့သို့သောမြို့ကြီးများအပါအဝင် မြန်မာပြည် အလယ်ပိုင်းဗုဓ္ဒဘာသာဗမာအများစုနေထိုင်သော အညာဒေသမှအစ ဗမာမဟုတ်သောတိုင်းရင်းသား နေရာဒေသများအဆုံး တစ်နိုင်ငံလုံးတွင် အာဏာရှင်စနစ်ကို တော်လှန်သော လှုပ်ရှားမှုများနှင့်သာ ပြည့်နှက်နေပြီး စစ်တပ်၏အာဏာထိန်းချုပ်နိုင်အားကို နေ့စဉ်ခြိမ်းခြောက်နေသည်။ ဥပမာ အိန္ဒိယ နိုင်ငံနှင့်နယ်နမိတ်ဆက်စပ်နေသည့် ချင်းပြည်ကဲ့သို့သောနေရာများတွင် ဒေသ၏ သုံးပုံနှစ်ပုံခန့်ကို စစ်တပ်မှထိန်းချုပ်နိုင်အားမရှိတော့ပေ။

နိုင်ငံကိုလည်ပတ်စေသည့်ယန္တယား၏နယ်ပယ်အသီးသီးမှ ကျောင်းဆရာ၊ဆရာများ၊ စာရင်းကိုင်များ၊ ဆရာဝန်များ၊ အင်ဂျင်နီယာနှင့်ဆောက်လုပ်ရေးဝန်ထမ်းများ၊ အခြားတတ်သိပညာရှင်ပြည်သူ့ဝန်ထမ်း များ၏အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်လာသည့်အပေါ်  ယန္တယားလည်ပတ်မှုများ သိသိ သာသာကျဆင်းနေပြီး စစ်တပ်ကို ထိရောက်စွာချိနဲ့နေစေပြီဖြစ်သည်။ ထို့ပြင် စစ်တပ်အဖွဲ့ဝင်များ၊ ၎င်းတို့၏မိသားစုဝင်များသည်လည်း တော်လှန်နေသောအင်အားစုအချို့၏လုပ်ကြံသတ်ဖြတ်ခြင်း များကို ရင်ဆိုင်နေရသည်။

အထက်တွင်ပြောခဲ့သောပြည်တွင်းပြဿနာများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါပြဿနာပေါင်းစပ်ပြီး နောက်ဆက်တွဲအနေဖြင့် မြန်မာ့စီးပွားရေးသည်လည်း အဖတ်ဆည်မရနိုင်တော့သောအခြေအနေအထိ ကျဆင်းနေသည်။ အဓိကကျသော စိုက်ပျိုးမွေးမြူရေးနှင့် အထည်ချုပ်လုပ်ငန်းများနယ်ပယ်များနှင့် အခြား အသေးစားစီးပွားနယ်ပယ်များတွင်လည်း  အကြမ်းဖက်မှုများ၏ခြိမ်းခြောက်မှုများနှင့်အတူ အခက်အခဲနှင့်စိမ်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ယင်းအခြေအနေများသည် တိုင်းပြည်ပြိုလဲ ခြင်းကို တွန်းအားပေးနေပြီး အာဆီယံဒေသတွင်းတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည်။

တစ်ဖက်တွင် တော်လှန်နေသော အတိုက်အခံအင်အားစုများ၏ထိန်းချုပ်နိုင်စွမ်းက တိုးလာနေသည်။ အထူးသဖြင့် ဗမာမဟုတ်သောတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏မိမိတို့သက်ဆိုင်ရာနယ်မြေများ တွင် မိမိတို့၏သက်ဆိုင်ရာလက်နက်ကိုင်ကာကွယ်ရေး တပ်ဖွဲ့များအကူအညီဖြင့် ပိုမိုထိရောက်သော အုပ်ချုပ်ရေးယန္တယားများကို ဖေါ်ဆောင်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီဖြစ်သည်။ မိမိကိုယ်ကို ခုခံကာကွယ်ရန်ရည်ရွယ်ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့များအပြင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသည် ၎င်းတို့၏သက်ဆိုင်ရာနယ်မြေဒေသအသီးသီးတွင် အရပ်သားအုပ်ချုပ်ရေးစနစ် အောက်တွင် သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ဝန် ဆောင်မှုလုပ်ငန်းများကို ဒေသခံပြည်သူများအတွက် လုပ်ဆောင်နေပြီးဖြစ်သည်။ အခြေအနေ၏ လိုအပ်ချက်ကြောင့်လည်း လူဦးရေ ၁.၈ သန်းကျော်ရှိနေပြီဖြစ်သော နေရပ်စွန့်ခွာနေရသော ပြည်တွင်းဒုက္ခသည်များအတွက် လုံခြုံရေး၊ ကာကွယ်ရေးအပါအဝင် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီများကို စနစ်တကျ လုပ်ဆောင်နိုင်ရေးယန္တယားကိုလည်းတည်ဆောက် ထားပြီးဖြစ်သည်။

ပို၍အရေးကြီးသည်မှာ မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကယ်ဆယ်ရေးစနစ်၊ယန္တယားနှင့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ဖေါ်ဆောင်ပြီး ကာကွယ်ရေးနှင့်ထောက်ပံ့ရေးများကို အမျိုးသား ညီညွတ်ရေးအစိုးရကဲ့သို့သော ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းပေါ်ပေါက်လာသည့် အစုအဖွဲ့များ၊ ၎င်းတို့၏သက်ဆိုင်ရာတာဝန်ခံများနှင့်ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ အဓိကအားဖြင့် မြောက်ပိုင်းဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့-ကေအိုင်အို၊ တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့်ကရင်နီပြည်သူ့တိုးတက်ရေးပါတီ-ကေအဲန်ပီပီ၊

သမိုင်းတစ်လျှောက်တွင် ပြည်သူလူထုတော်လှန်ပုန်ကန်မှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်သည့် အခါများတွင် စစ်မျက်နှာနှစ်ခုမဖွင့်ရရေးအတွက်မှလွဲ၍ မြန်မာစစ်တပ်သည်ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများနှင့် ဘယ်သောအခါမှ စစ်မှန်သောငြိမ်းချမ်းရေးကို တည်ဆောက်ရန်ကြိုးပမ်း ခဲ့ခြင်းမရှိခဲ့ပါ။ မိမိတို့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရန်တိုက်ပွဲဝင်နေသည်ကိုလည်း မြန်မာစစ်တပ်ကကောင်းစွာနားလည်ထားပါသည်။ သို့သော်လည်း ၎င်းတို့အာဏာခိုင်မာရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းများကို လူမျိုးရေးအစွန်းရောက်သူများ၊ ပြည်ထောင်စုဖြိုခွဲသူများ စသည်ဖြင့် အမည်နာမများတပ်က အစဉ်ဖိနှိပ်နှိမ်နင်းခဲ့သည်ချည်းဖြစ်သည်။

အဆိုပါ အမည်နာမများနှင့်စွပ်စွဲချက်များသည် ယနေ့အချိန်အခါတွင် ထိရောက်မှုမရှိတော့ပေ။

လက်ရှိအာဏာသိမ်းစစ်တပ်နှင့်အာဏာရှင်စနစ်ကိုဆန့်ကျင်နေမှုများသည် ယခင်သမိုင်းတစ်လျှောက် မရှိခဲ့ဘူးသော တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဗမာလူများစုများအပါအဝင် လူမျိုးပေါင်းစုံကဆန့်ကျင် တော်လှန်နေကြခြင်းဖြစ်သည်။  မြန်မာစစ်တပ်အနေဖြင့် ဗမာလူများစုကို စည်းရုံးနိုင်ခြင်းမရှိတော့ပါ။

မြန်မာစစ်တပ်အနေဖြင့်အာဏာရှင်ဆန့်ကျင်သူပြည်သူအများကို အကြမ်းဖက်နည်းဖြင့် အဓ္ဓမ ခြိမ်းခြောက်ခြင်၊ ညှင်းပန်းသတ်ဖြတ်ခြင်း စသည်တို့ကိုနေရာအနှံ့အပြားတွင်ပြုလုပ်လျက်ရှိသည်။ စစ်တပ်၏ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုများမှလွှတ်မြောက်ရန်တိမ်းရှောင်လာသူများ၊ အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရန် ရောက်ရှိလာသူ ဗမာအပါအဝင်ပြည်သူအများအပြားကို မိမိတို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက ကြိုဆိုလက်ခံထားပြီး နေရာထိုင်ခင်း၊ အစား အသောက်နှင့် ကျန်းမာရေးပြုစုစောက်ရှောက်မှုများစီမံပေးနေသည့်အပြင် ၎င်းတို့၏လုံခြုံရေးနှင့် လိုအပ်သော သင်တန်းများကိုပါ စီမံပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများကို ပြုလုပ်နေရခြင်းဖြစ်သည်။

အဆိုပါတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ခေါင်းဆောင်များဖြစ်သည့် မိမိတို့အနေဖြင့် ကမ္ဘ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံပြိုလဲပါကကျရောက်လာနိုင်သည့် မျိုးဆက်နှင့်နိုင်ငံတကာ ဆက်ဆံရေးအကျိုးဆက်များကို ကောင်းစွာ တွက်ဆမိပါသည်။ ပြည်တွင်းစစ်၊ မျိုးသုဉ်းသတ်ဖြတ် မှုများနှင့်အတူညှင်းပမ်းနှိပ်စက် အနိုင်ကျင့်မှုအမျိုးမျိုးကို ခါးစည်းခံနေရသော မြန်မာပြည်သူလူထု အတွက် တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲခြင်းသည် မဖြစ်သင့်ဆုံးသောအရာဖြစ်သည်။ ဆိုခဲ့ပါ မြေပြင်အခြေအနေများသည် အာဆီယံကဲ့သို့ဒေသအစုအဖွဲကြီးအတွက် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများဘက်မှရပ်တည်က အဖွဲ့ဝင်နိုင်ငံတစ်ခုပြိုကွဲမှုကို ဝင်ရောက်တားဆီးကာကွယ်ရန် အသင့်တော်ဆုံးအချိန်ဖြစ်ပေသည်။

အာဆီယံအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ပြည်သူများအား သတ်ဖြတ်နေခြင်းကို ချက်ခြင်းရပ်တန့်ရန်၊ ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့ပြာချနေခြင်းများ၊ တော်လှန်ဆန္ဒပြသူများကို မီးရှို့ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ရပ်တန်းကရပ်ရန် ပြတ်ပြတ်သားသားပြောရန် လိုအပ်သည်။  မြန်မာစစ်တပ်အနေဖြင့် အဆိုပါလုပ်ရပ်များသည် မှားယွင်းကြောင်းဝန်ခံရမည့်အပြင် ၎င်းတို့အနေဖြင့် ပြည်သူလူထုကို ကာကွယ်ရန်ပျက်ကွက်ခဲ့ကြောင်း ကိုလည်း ဝန်ခံရမည်။ ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုများရှိသော လူ့ဘောင်ကို တည်ဆောက်ရန်ပျက်ကွက်ခဲ့ကြသည်။ ထို့ကြောင့် အာဆီယံအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေကြသောအင်အားစုများနှင့်ပူးပေါင်းပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွှင် ပါဝင်သင့်သည်။

မိမိတို့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် လွန်ခဲ့သည့်သမတသိန်းစိန် လက်ထက်ကပင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် သမတသိန်းစိန်အစိုးရ၊ လက်ရှိအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပါဝင်နှင့် ဒေါ်အောင်ဆန်းစုကြည်အဲန်အယ်လ်ဒီ အစိုးရတို့နှင့်ပါ ဆွေးနွေးညှိနှိုင်းခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၁ တွင် ၎င်းကိုယ်တိုင် အာဆီယံတွင် သဘောတူထားသော အချက် (၅) ကို ချိုးဖောက်နေသကဲ့သို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ဆွေးနွေးသဘောတူခဲ့သမျှသော အချက်များကို ချိုးဖောက်ခဲ့သည်ချည်း ဖြစ်သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ခေါင်းဆောင်များဖြစ်သည့်မိမိတို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့်နယ်မြေခေါင်းဆောင်များလည်းဖြစ်သည်သာမက တစ်နိုင်ငံလုံး၏နိုင်ငံရေးပြဿနာ များကိုဦးဆောင်ဖြေရှင်းနေသည့်ခေါင်းဆောင်များလည်း ဖြစ်ပါသည်။  အာဆီယံအပါအဝင် နိုင်ငံတကာအစုအဖွဲ့များအနေဖြင့် အာဆီယံမှ လက်ခံသဘောတူထားသော အချက် (၅) ကို အကောင်အထည်ဖေါ်ခြင်းအပါအဝင်မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့ဘက်မှ အစွမ်းကုန် လက်တွဲပါဝင်ရန်ဆန္ဒရှိပါသည်။

လက်ရှိအာဆီယံဥက္ကဌလည်းဖြစ်၊ ဒေသတွင်းအရေးကိစ္စများနှင့်ကမ္ဘာ့အရေးကိစ္စများကိုလည်း ဦးဆောင်နေသော အင်ဒိုနီးရှား၏ ခိုင်မာပြတ်သားရှင်းလင်းသောမဟာဗျူဟာနှင့် အားလုံးပါဝင်သည့် ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံတွင်းအရှိန်အဟုန်နှင့်ဖြစ်ပွားနေသောအကြမ်းဖက်မှုများကို ရပ်တန့်စေခြင်း၊ ငြိမ်းချမ်းသောပဠိပက္ခဖြေရှင်းခြင်းနည်းလမ်းများဖြင့် ဒုက္ခအတိကျရောက်နေသော မြန်မာပြည်သူများနှင့်မြန်မာနိုင်ငံအား ထိရောက်စွာကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ကြီးစွာစောင့်စား နေကြပါသည်။

Saw Tah Doh Moo, General-Secretary, Karen National Union
Khu Plu Reh, General-Secretary, Karenni National Progressive Party
Salai Thla Hei, General-Secretary, Chin National Front

Banner Image:  2021 – 2001 strike against military junta, YGN, Myanmar. Photo: Saw Wunna, Unsplash

Posted by FORSEA