De-colonizing Myanmar Mind and Social Practices
Dee Dee, a Myanmar scholar currently living in Myanmar, challenges the pervasive sense of bama or Burmese Buddhist supremacy, and other internal colonial mindsets and practices, throughout the country. Her reflection was prompted by the FORSEA article entitled “Is Neocolonial Education a Solution to Military Slave Education?” by Myanmar scholar and activist Chu May Paing of the University of Colorado at Boulder & FORSEA Board member.
ကိုလိုနီခေတ် လို့ပြောလိုက်ရင် ဟိုးအဘိုးအဘွားခေတ်က အခြေအနေ၊ အဖြူအမည်းဓာတ်ပုံတွေကို တန်းမြင်ယောင်ကြလိမ့်မယ်ထင်တယ်။ တနည်းအားဖြင့် နယ်ချဲ့တဲ့ခေတ်၊ ကိုလိုနီခေတ်ဟာ ဟိုးအရင်တုန်းက ကိစ္စတွေ၊ ယခုခေတ်နဲ့ သိပ်မဆက်စပ်တော့တဲ့အရာများလို့လည်း တွေးကောင်းတွေးမိကြပါလိမ့်မယ်။ ကျမအတွက်တော့ ကိုလိုနီခေတ်ဆိုတာ အချိန်အခါ (era) ထက်စာရင် စိတ်ဓာတ် (mindset) ကိုရည်ရွယ်တာဆိုရင်ပိုမှန်ပါလိမ့်မယ်။
အခုချိန်ဟာ မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတော်လှန်ရေးအတွက် အရေးကြီးဆုံးအချိန်တခုလို့ပြောရင်မမှားပါဘူး။ အထူးသဖြင့် လူမျိုးစုတွေအနေနဲ့က ဗမာလူမျိုးကြီးဝါဒ ဆိုတာဘာလဲ၊ ဘယ်ကစတာလဲ၊ ယခုအခြေအနေမှာ ဘယ်လို ပုံသဏ္ဍာနဲ့တွေ့ရသလဲဆိုပြီး awareness ပေးလို့အသင့်တော်ဆုံးအချိန်ဖြစ်တယ်၊ ဗမာတချို့ကိုယ်တိုင်ကလည်း စိတ်ပါဝင်စားစွာ သိရှိလိုတဲ့အချိန်ဖြစ်တယ်။ ကျမအနေနဲ့လည်းကြုံရင်ကြုံသလို ဗမာလူမျိုးကြီးဝါဒကို တဖက်လူနားလည်အောင် ဥပမာတွေ၊ ကိုယ့်အတွေ့အကြုံတွေ၊ သီအိုရီအရတွေရော အကြိမ်ကြိမ်ရှင်းပြပေးဖူးခဲ့ပါတယ်။ ဒါပေမဲ့ ကျမကတော့ ဗမာလူမျိုးကြီး ဝါဒ ဆိုတာဟာ မှန်ကန်နေဆဲဖြစ်တဲ့ ဥပမာ (living example) တခုအနေနဲ့သာမြင်စေလိုပြီး လူမျိုးကြီးဝါဒလို့ပြောလိုက်ရင် အဲဒါတခုတည်းရှိတယ်လို့တော့မမှတ်ယူစေချင်ဘူး။ မြန်မာနိုင်ငံတင်မက နိုင်ငံတကာမှာတွေ့ရတတ်တဲ့ “လူမျိုးကြီးဝါဒ” ဆိုတဲ့ concept ကိုပါ တပြိုင်တည်း လေ့လာသင်ယူစေလိုတယ်။ ကိုယ်ကမြန်မာနိုင်ငံမှာမွေးခဲ့လို့၊ နေနေလို့ ဗမာလူမျိုးကြီးဝါဒကို ကြုံတွေ့ခဲ့ရတာ။ အနောက်တိုင်းနိုင်ငံတွေ၊ တခြားနိုင်ငံတွေမှာ ရှိနေတဲ့ လူမျိုးကြီးဝါဒ၊အထူးသဖြင့် ဘယ်နေရာကြည့်ကြည့် လူဖြူကြီးစိုးတဲ့ ပြဿနာတွေဟာရှိနေတာပဲ။ လူဖြူကြီးစိုးတဲ့ဝါဒဆိုရင် ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့အရာဖြစ်ပြီး ယခုထိတိုင် ရှိနေဆဲ၊ လူဖြူပါမှ၊ အထူးသဖြင့် လူဖြူ ယောက်ျားတွေ ဝင်ပြောမှ၊ ကိစ္စတခု၊ ပြဿနာတခုဟာ လူရာဝင်တယ်လို့သတ်မှတ်ကြတဲ့ အတွေးရှိနေဆဲဖြစ်တယ်။ အဖွဲ့အစည်းတခုမှာ အဖြူတယောက်ယောက်၊ အနောက်နိုင်ငံသားတယောက်ယောက်ရှိမှ အထင်ကြီးတာမျိုး၊ စကားဝိုင်းတွေမှာ အဖြူယောက်ျားတွေပြောတာကို အခြားသူတွေ ထက်ပို အလေးပေး တာမျိုး၊သူတို့ပြောမှမှန်တယ်လို့ထင်တာမျိုးတွေဟာ မသိမသာရော သိသိသာသာရော မြင်နေရဆဲပါပဲ။ ပညာရေးမှာဆိုရင်လည်း လူဖြူဆရာ/မမှလိုချင်တာ၊ အနောက်နိုင်ငံကကျောင်းတခုခုမှာ ဘွဲ့ရခဲ့မှ လိုချင်တာဆိုတာမျိုးတွေချည်းပါပဲ။ အဲသလို နေရာတကာမှာ အနောက်နိုင်ငံရဲ့ အငွေ့အသက်တခုခုပါမှ validation ပေးတတ်တာကို ကျမတော့ ကိုလိုနီစိတ်ဓာတ်လို့ပဲ ယူဆပါတယ်။ ဒီစိတ်ဓာတ်က မြန်မာလူမျိုးတွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖိနှိပ်ခံ လူမျိုးစုတွေမှာကအစ မြင်နေရသေးတဲ့ စိတ်ဓာတ်တခုလို့လဲထပ်ပြောချင်တယ်။
လူမျိုးစု ရှုထောင့်ကနေပဲပြောရရင်ကျမတို့ဟာ ဗမာလူမျိုးကြီးဝါဒကို မကြိုက်လို့ တွန်းလှန်ခဲ့ကြတယ်။ ဒီနေရာမှာ ဗမာလူမျိုးကြီး ဝါဒတခုတည်းကိုတိုက်ချင်တာမဟုတ်ဘဲ လူမျိုးကြီးဝါဒဆိုတဲ့အရာတခုလုံးကို တွန်းလှန်စေချင်တာဖြစ်တယ်။ ဗမာလူမျိုးကြီးဝါဒနေရာမှာ အစားထိုး တခြား လူမျိုးကြီးဝါဒလိုချင်လို့မဟုတ်ဘူး။ အထူးသဖြင့် ကိုလိုနီဆန်တဲ့၊ နယ်ချဲ့စိတ်ဓာတ်ဆန်တဲ့ (imperialist) ဝါဒတွေ၊ အနောက်နိုင်ငံရဲ့ ဝါဒတွေနဲ့အစားထိုးဖို့ တော်လှန်နေတာမဟုတ်ဘူးဆိုတာကိုသတိချပ်စေချင်တယ်။ လူမျိုးစုတွေထဲမှာ တွေ့ရတတ်တယ်၊ ဗမာလူမျိုးကြီးဝါဒကိုသာခါးသီးတာ၊ အဖြူတွေပြောသမျှဆို အကုန်မှန်တယ်၊ အနောက်နိုင်ငံကဘွဲ့ရလာရင် ဘာမှန်းမသိပေမဲ့ အရမ်းအထင်ကြီးတယ်၊ အင်္ဂလိပ်လို ဟောပြောပွဲတွေ တခုခုလုပ်ရင် နားလည်လည်မလည်လည် သေချာနားထောင်တယ်။ ကိုယ့်ရိုးရာဝတ်စုံကို လူဖြူတွေ ဝတ်ကြရင် သဘောကျလို့မဆုံးဘူး။ ကိုယ့်ယဥ်ကျေးမှုကို သူတို့အကျိုးစီးပွားအတွက် အသုံးပြုနေကြတာကိုလည်း နာကျည်းရကောင်းမှန်း၊ စိတ်ဆိုးရကောင်းမှန်းမသိ၊ အရမ်းဂုဏ်ယူကြတယ်။ တခါက မြန်မာနိုင်ငံကလူမျိုးစုတစုရဲ့ ရိုးရာဝတ်စုံတွေကို အနည်းငယ် modernize လုပ်ပြီး ထိုင်းမှာ စီးပွားဖြစ်ရောင်းတာ တခုတွေ့တော့ မေးဖူးတယ်၊ စီးပွားဖြစ်လုပ်တာကိုတော့နားလည်တယ် ဒါပေမဲ့ ဒီဝတ်စုံတွေရောင်းလို့ ရတဲ့ အကျိုးအမြတ်ရဲ့တစိတ်တပိုင်းကို အဲဒီလူမျိုးစုတွေကို ကူညီဖို့ ပေးသလားလို့ပြောတော့ အဲသလိုမေးတာကိုပဲ ခါးသီးကြတဲ့အထဲမှာ ဝမ်းနည်းစရာနဲ့ပဲ အဲဒီ လူမျိုးစုတွေ ကိုယ်တိုင်ပါဝင်ကြတယ်။ စီးပွားဖြစ်လုပ်တာဆိုပေမဲ့လည်း သူတို့ရဲ့ ဝတ်စုံကို နိုင်ငံတကာသိအောင်လုပ်ပေးတာကိုပဲ သူတို့ကကျေးဇူးတင်တယ်တဲ့။ ကိုယ့်ရဲ့ယဥ်ကျေးမှုကို cultural appropriation လို့ခေါ်တဲ့ မိမိခံတွင်းတွေ့သလို၊ သင့်လျော်သလိုပြင်ဆင်တည်းဖြတ်တဲ့ယဥ်ကျေးမှုသဏ္ဍာန်အဖြစ် ပြောင်းလဲ အသုံးချလိုက်တာကို ဆန့်ကျင်ရကောင်းမှန်းမသိဘူး။ ကျမအတွက်တော့ ဒါဟာထူးဆန်းတဲ့အဖြစ်အပျက်လားဆိုရင်တော့မဟုတ်ဘူးလို့ပဲပြောရမယ်။ ကိုယ့်နိုင်ငံမှာ အဖိနှိပ်အင်မတန်ခံရတဲ့ဘယ်လူ့အဖွဲ့အစည်းမဆို အခြားနိုင်ငံရောက်တဲ့အခါကိုယ့်ရဲ့ identity ကို တနည်းတဖုံနဲ့ အသိအမှတ် ပြုတာကိုပဲ သူတို့ရသင့်ရထိုက်တာထက်တောင်ပိုရနေပြီ ဆိုတဲ့ အမြင်လေး တခုရှိတတ်ကြတာကိုတွေ့ရတယ်။ Breadcrumbing လို့ခေါ်တဲ့ မြန်မာလိုဘာသာပြန်ရရင် ပေါင်မုန့်စလေးအနည်းငယ်ပေးတာကိုပဲ ကျေနပ်နေတတ်ကြတယ်။ သူတို့ဟာ ကိုယ့်ကို ပေါင်မုန့်တခုလုံးပေးသင့်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း လူသားတဦးအနေနဲ့ ဒါငါရသင့်ရထိုက်၊ တောင်းခွင့်တောင်းထိုက်ရှိတဲ့ အခွင့်အရေးဖြစ်တယ်ဆိုတဲ့အကြောင်းကို ဆက်မစဥ်းစားမိကြတော့ဘူး။ ကိုယ့်ကိုအသိအမှတ်ပြုတဲ့ပုံစံဟာ ကိုယ့်ကို လူသားတဦးအနေနဲ့ ကိုယ့်ရဲ့ identity ကို တကယ်စစ်မှန်စွာအသိအမှတ်ပြုလေးစားတာလား၊ကိုယ့် identity ကိုအသုံးချပြီး သူတို့အကျိုးစီးပွားဖြစ်အောင် (သို့) သူတို့ရဲ့ social capital (လူ့တန်ဖိုး) ကို တိုးမြှင့်ချင်တာလားဆိုတဲ့ မေးခွန်းကိုပါ ethnic minorities တွေ၊ လူမျိုးစုတွေ အထူးသဖြင့် နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေ အနေနဲ့ စတင် စဥ်းစားသင့်တယ်။ အဲလိုစတင် စဥ်းစားတတ်တဲ့အချိန်ဟာ မိမိရဲ့ သိစိတ်မှာပဲဖြစ်ဖြစ်၊ မသိစိတ်မှာပဲဖြစ်ဖြစ် တိတ်တိတ်လေးကိန်းအောင်းနေနိုင်တဲ့ ကိုလိုနီစိတ်ဓာတ်ကို စတင်သတိပြုမေးခွန်းထုတ်တတ်တဲ့အချိန်ပဲ။
Solidarity တည်ဆောက်တဲ့အခါမှာ ဖိနှိပ်မခံရတဲ့လူ့အတန်းအစားထက်စာရင် ဖိနှိပ်ခံရ သူအချင်းချင်းကြားတည်ဆောက်ဖို့ပိုလိုအပ်တယ်။ ဖိနှိပ်မခံရတဲ့ လူ့အတန်းအစားဟာ ကိုယ့်ပြဿနာတွေကို ကိုယ့်လိုနားလည်မှာမဟုတ်ဘူး၊ ဖြေရှင်းပေးတတ်မှာမဟုတ်ဘူး။ ဖြေရှင်းမယ်ဆိုရင်လည်း သူတို့မနစ်နာနိုင်မဲ့ ဘက်ကပဲဖြေရှင်းဖို့ကြိုးစားကြမှာပဲ။ ဒါပေမဲ့ ကိုယ့်လိုပဲ အခြားနိုင်ငံတွေမှာ ဖိနှိပ်ခံနေရတဲ့သူတွေက တော့ ကိုယ့်ဒုက္ခတွေကို သူပိုနားလည်တယ်၊ စာနာတယ်၊ သူတို့ နိုင်ငံမှာလည်း အလားတူပြဿနာတွေကို သူဖြေရှင်းရကောင်းဖြေရှင်းဖူးနိုင်မယ်၊ ဒီ့အတွက် သူဟာ ပိုမို ထိရောက်ပြီးလက်တွေ့ကျတဲ့ ထောက်ပံ့မှု၊ အကြံပေးမှုတွေ ကိုယ့်ကိုပေးနိုင်တယ်။ ဥပမာပြောရရင် ကျမတို့ ဆန္ဒပြမှုတွေကို စတင်ဖြိုခွင်းတုန်းက ဆန္ဒပြစဥ် ဆောင်ရန်ရှောင်ရန် ဆိုပြီး document တခုကို အချင်းချင်းဝေမျှကြတယ်။ ဒီ document ဟာ အဖိနှိပ်မခံရတဲ့လူ့အတန်းအစား ၊ လူမှုအသိုင်းအဝိုင်းရဲ့ပြဿနာတွေကို မီတင်ခန်းထဲမှာပဲ စိတ်ဝင်စားတတ်တဲ့နိုင်ငံရေးသမားတွေ၊ လူ့အဖွဲ့အစည်း တွေဆီ ကလာတာမဟုတ်ဘူး။ ဟောင်ကောင်က ဆန္ဒပြသူတွေဆီက လာတာဖြစ်တယ်။ အဖိနှိပ်ခံရသူအချင်းချင်း solidarity တည်ဆောက်တယ်ဆိုတာ ဒါမျိုးကိုပြောချင်တာဖြစ်တယ်။ အဖိနှိပ်မခံရတဲ့လူတန်းစားက ငွေကြေးအနေနဲ့ကူညီနိုင်တယ်၊ အဖိနှိပ်ခံလူတွေရဲ့ လက်တွေ့ကျတဲ့ပြဿနာတွေကို လေ့လာသင်ယူနိုင်တယ်။ ဒါပေမဲ့ အဖိနှိပ်ခံတွေကိုလွတ်မြောက်အောင် တကယ်လုပ်နိုင်တဲ့သူတွေဟာ အဖိနှိပ်ခံတွေကိုယ်တိုင်ပဲဖြစ်တယ်။ အဖိနှိပ်ခံအချင်းချင်း solidarity တည်ဆောက်တယ်ဆိုတဲ့နေရာမှာ လူမှုပြဿနာနဲ့ပတ်သက်တဲ့ စကားဝိုင်းတွေမှာ အနောက်နိုင်ငံသားလူဖြူတွေကိုနေရာပေးမဲ့အစား အဲဒီ နေရာကို လက်တွေ့မြေပြင်မှာခံစားနေရတဲ့ ပြဿနာကိုဖြေရှင်းနေရတဲ့ လူ့အဖွဲ့အစည်းကို နေရာပေးတတ်ဖို့လိုတယ်။ ဒီနေရာမှာ ပညာရှင်မပါရဘူးလို့မဆိုလိုဘူး။ ပညာရှင်ဆိုတာက လူဖြူထဲမှာပဲရှိတာမဟုတ်ဘူး၊ အမေရိကမှာပဲရှိတာမဟုတ်ဘူး။ နီးနီးလေးပဲပြောရရင် အိန္ဒိယမှာ သူတို့လက်ရှိအစိုးရရဲ့မူဝါဒတွေကို ဆန့်ကျင်နေတဲ့ activist တွေ CSO တွေ ရှိတယ်။ ထိုင်းနဲ့ ဖိလစ်ပိုင်မှာလည်းအလားတူ activist တွေ CSO တွေရှိတယ်။ ပထဝီဝင်အရရော၊ ယဥ်ကျေးမှုအရရော အင်မတန်နီးစပ်တဲ့အတွက် အပြန်အလှန်လေ့လာသင်ယူလို့ရတဲ့ အခွင့်အရေးတွေအများကြီးရှိတယ်။ ကျမသာဆိုရင်တော့ ဟိုအဝေးကြီးက၊ ပစိဖိတ်သမုဒ္ဒရာတဖက်က နိုင်ငံကပညာရှင်တွေထက် ဒီလို ရေနီးမြေနီးမှာရှိတဲ့ မြေပြင်ပေါ်မှာတကယ် လှုပ်ရှားနေတဲ့ အိမ်နီးနားချင်းနိုင်ငံက ရင်ဘတ်ချင်းတူတဲ့ ပညာရှင်တွေ၊ activist တွေရဲ့အကြံဉာဏ်ကို ပိုနားထောင်ချင်တယ်။ လက်တွေ့အလုပ်လုပ်နေသူတို့ရဲ့ အသံကို ပိုကျယ်ကျယ်လောင်လောင်ကြားရဖို့လိုအပ်တယ်။ သူတို့တတ်ထားတဲ့အသိပညာ အတတ်ပညာတွေကို အခြားလူတွေက အပြန်အလှန် လေ့လာသင်ယူတတ်ဖို့လိုအပ်တယ်။
Decolonization လို့ခေါ်တဲ့ ကိုလိုနီစိတ်ဓာတ်ကိုချွှတ်ချခြင်း ဆိုတဲ့ခေါင်းစဥ်က ကျမအတွက်တော့ အင်မတန် ကျယ်ပြန့်ပြီး ဆက်လက်လေ့လာရဦးမဲ့ concept ဖြစ်တဲ့အတွက် ဒီခေါင်းစဥ်ကို အသေးစိတ်ပညာရှင်သကဲ့သို့ ကျမမရှင်းပြတတ်ပါဘူး။ သင့်အနေနဲ့လည်း အလုံးစုံကို တခါတည်းနဲ့ နားလည်စရာမလိုသေးပါဘူး။ ကျမပေးချင်တဲ့ စိန်ခေါ်မှုကတော့ decolonization နဲ့ပတ်သက်ပြီး ကိုယ် ဘာတွေ သင်ယူနိုင်မလဲဆိုတာနဲ့ပဲစတင်စေချင်ပါတယ်။ ပြီးတော့ အဲဒီ သင်ယူမှုကို ဆန်းစစ်ပြီး လက်တွေ့ဘဝမှာ ဘယ်လောက်ထိ အသုံးချနိုင်မလဲဆိုတာကိုပဲ ဆက်တွေးစေချင်ပါတယ်။ ကိုယ်ဟာ အဖွဲ့အစည်းတခုခုရဲ့ ခေါင်းဆောင်ဆိုရင် ငါ့အဖွဲ့အစည်းမှာ အဖိနှိပ်ခံလူမျိုးတွေကိုနေရာတကယ်ပေးရဲ့လား၊ ငါ့အဖွဲ့အစည်းမှာရှိတဲ့ အထက်တန်းရာထူးကိုင်ထားတဲ့သူတွေ၊ ပညာရှင်တွေဟာ အဖြူဗဟိုပြုတဲ့ (သို့) အနောက်နိုင်ငံဝါဒီဗဟိုပြုတဲ့ လူတွေ များနေသလားဆိုတာနဲ့ပဲ စတင်စေချင်ပါတယ်။ အဖွဲ့အစည်းတွေမှာ အလုပ်ခေါ်ရင် ရေးလေ့ရေးထရှိတဲ့ Non Discrimination Statement တွေဟာ အဖြစ်သဘောထည့်ထားတာလား၊ လက်တွေ့မှာရော တကယ် ကျင့်သုံးနေရဲ့လားဆိုတာတွေကို ပြန်လည်ဆန်းစစ်ပြီး မိမိမှာ ကိန်းဝပ်နေနိုင်တဲ့ကိုလိုနီစိတ်ဓာတ်တွေကို တဆင့်ချင်းစီချွတ်ချဖို့ ကြိုးစားရင်းနဲ့ စိတ်ဓာတ် တော်လှန်ရေးမှာလည်း ပါဝင်စေချင်ပါတယ်။
Dee Dee
Myanmar scholar currently living in Myanmar
Top banner: The Secretariat, middle block, Myanmar. Justin Min, Unsplash